မသန်စွမ်းကလေးငယ်များသည် လူသားထဲမှ လူများဖြစ်သဖြင့် ပညာသင်ခွင့်ရရှိရန် လိုအပ်

မသန်စွမ်းကလေးငယ်များသည် လူသားထဲမှ လူများဖြစ်သဖြင့် ပညာသင်ခွင့်ရရှိရန် လိုအပ်

ရန်ကုန်၊စက်တင်ဘာ၂၇ ။             ။ မသန်စွမ်းကလေးများသည် လူသားများထဲမှလူများဖြစ်သည့်အတွက် ပညာသင်ခွင့်ရရှိရန်လိုအပ်ပြီး အထူးတောင်းဆိုနေဖို့မလိုကြောင်း ဧဒင်မသန်စွမ်းရိပ်မြုံမှ စီမံကိန်းမန်နေဂျာ မဥမ္မာခိုင်က ပြောသည်။

မသန်စွမ်းကလေးငယ်များနှင့် ပတ်သတ်၍ ပညာသင်ကြားခွင့်ရရှိရေးဆိုင်ရာ အခွင့်အရေးများကို ယနေ့စက်တင်ဘာ၂၇ရက် ရန်ကုန်မြို့ Central Hotel ၌ပြုလုပ်သည့် မီဒီယာပညာပေးသင်တန်းတွင်   ပြောကြားခဲ့ခြင်းဖြစ်သည်။

"မသန်စွမ်းကလေးတွေပညာသင်ဖို့အတွက် ပညာသင်ကြားရေးဆိုတာလူ့အခွင့်အရေးလေ လူသားတိုင်းနဲ့ ဆိုင်တယ် ။ မသန်စွမ်းကလေးတွေ ပညာသင်ကြားဖို့ဆိုတာ အထူးတလည်တောင်းဆိုစရာမလိုပါဘူး လူရယ်လို့ဖြစ်လာပြီဆိုရင် ကလေးလူကြီးအကုန်လုံးပညာသင်ခွင့်ရှိတယ် ။ အဲတော့မသန်စွမ်းကလေးတွေဟာ လူသားထဲကလူပဲဖြစ်တဲ့အတွက် တန်းတူအခွင့်အရေးရရမယ်။ အထူးတောင်းနေစရာလိုတဲ့ အခွင့်အရေး မဟုတ်ပါဘူး ။ လူ့အခွင့်အရေးကို တိတိကျကျရဖို့အတွက် လုပ်ဆောင်နေတဲ့အပိုင်းပဲ ဖြစ်ပါတယ်"ဟု ဧဒင်မသန်စွမ်းရိပ်မြုံမှ မဥမ္မာခိုင်က ဆိုသည်။

၎င်းပွဲတွင် မသန်စွမ်းသူများ၏ ပညာသင်ကြားခွင့်ဆိုင်ရာအခွင့်အရေးများ၊ အဓိပ္ပာဖွင့်ဆိုချက်များ၊ ဥပဒေများကို ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာလောကတွင် မသန်စွမ်းသူများ၏ပညာသင်ကြားခွင့်ဆိုင်ရာအခွင့်အရေးများအား ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလာစေရန် ရည်ရွယ်ထားသည်။

ပညာသင်ကြားနေမှုအပေါ်တွင် တချို့သောမသန်စွမ်းကလေးများမှာ အဆင်ပြေစွာသင်ကြားနိုင်ရန် အခက်အခဲရှိနေပြီး စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအခက်အခဲများ ပါဝင်နေသည်ဟု မဥမ္မာခိုင်က ဆိုသည်။

ထို့အပြင် ဧဒင်မသန်စွမ်းရိပ်မြုံမှ မသန်စွမ်းကလေးများပညာသင်ကြားခွင့်ရရှိစေရန် ၂၀၁၅ခုနှစ်မှစတင်ကာ ၉နှစ်တာစီမံကိန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၁၀မြို့နယ်မှ ကျောင်း ၅၅ ကျောင်းတွင် လုပ်ဆောင်ပေးနေသည်။

ထိုနေရာများမှ မသန်စွမ်းကလေး၂၅၀ ဦးအား ကျောင်းတက်ရောက်ရာတွင် အဆင်ပြေမှုရှိစေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly