ပိုက်ဆံခိုးသည်ဆိုသော ကလေး ၃ဦးကို အမှုပိတ်တော့မည်ဟု ဘုရားဂေါပကအဖွဲ့ပြော

ပိုက်ဆံခိုးသည်ဆိုသော ကလေး ၃ဦးကို အမှုပိတ်တော့မည်ဟု ဘုရားဂေါပကအဖွဲ့ပြော
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊ စက်တင်ဘာ ၂၆ ။           ။ တောင်ဒဂုံမြို့နယ်၊ အောင်ဗောဓိဘုရားတွင် ပိုက်ဆံ ၃၀၀ ခိုးသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် ကလေး ၃ဦးကို အမှုပိတ်သိမ်းပေးသွားမည်ဟု အောင်ဗောဓိဘုရားဂေါပကအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးညွှန့်လှိုင်က ပြောဆိုလိုက်သည်။

ဘုရားငွေအလှူခံပုံးမှ ငွေ ၃၀၀ ကျပ် ခိုးယူမှုဖြင့်ကလေးများကို တရားစွဲသည့် ကိစ္စနှင့်ပက်သက်ပြီး ယနေ့မနက်ပိုင်းက ဆန္ဒပြပွဲဖြစ်ပွားခဲ့ပြီးနောက် ယနေ့ (စက်တင်ဘာ ၂၆ ရက် )တွင် အောင်ဗောဓိဘုရားသို့ သွားရောက်မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

" ကျေအေးဖို့အတွက်ကို ဘာမဆို လုပ်ပေးမယ် " ဟု ဦးညွှန့်လှိုင်က ယနေ့ ဆိုသည်။

အောင်ဗောဓိဘုရားပေါ်တွင် ကလေးအချို့ ပိုက်ဆံခိုးမှုမျိုး မကြာခဏဖြစ်ပွားရသည့်အတွက် လိမ္မာစေချင်သည့် စေတနာဖြင့်သာ အရေးယူစေခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၀) ရပ်ကွက်နေ ကလေး ၃ ဦးသည် စက်တင်ဘာ ၁၃ ရက် ညနေတွင်  အောင်ဗောဓိဘုရားဝင်းအတွင်းရှိ အလှူခံပုံးအတွင်းမှ ငွေကျပ် ၃၀၀ ကို သွားကြားထိုးတံဖြင့် ကော်ထုတ် ယူနေသည်ကို တွေ့ရှိခဲ့သောကြောင့် ဂေါပကလူကြီးက ရဲလက်သို့ အပ်ခဲ့ခြင်းဖြစ်သည်။

ရဲစခန်း စခန်းမှူးက သက်ဆိုင်ရာမိဘများအား ခေါ်ယူသတိပေး၍ မိဘလက်သို့ပြန်အပ်ခဲ့သော်လည်း ဂေါပကလူကြီးဆိုသူက မကျေနပ်၍ စခန်းမှူးအား ဖိအားပေးကာ ၎င်းကိုယ်တိုင်တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် အရေးယူစေကြောင်းသိရသည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး ဂေါပက တွဲဖက်အတွင်းရေးမှူး ဦးညွှန့်လှိုင်က " သူတို့တွေကိုထိထိရောက်ရောက် ရပ်ကွက်၊ မြို့နယ် အဲ့လိုဆုံးမရင်တော့ သူတို့တွေကြောက်လန့်ပြီး လိမ္မာသွားအောင်ဆိုပြီးတော့   ကျွန်တော်တို့ကစေတနာနဲ့ ထပ်ပြီးတော့ တရားဝင်အမှုဖွင့်လိုက်တာပေါ့ " ဟု ပြောဆိုသည်။

၃ တန်းအရွယ်၊ ၅ တန်းအရွယ်နှင့် ၇ တန်းအရွယ် ကလေးသုံးဦးကို ရဲစခန်းတွင် ၆ ရက် ချုပ်ထားပြီးနောက် စက်တင်ဘာ ၁၈ ရက်တွင် သန်လျင်လူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်။

စာမေးပွဲဖြေဆိုခွင့်ရန်ဟု ဆိုကာ စက်တင်ဘာ ၂၁ ရက်တွင် ကလေး (၃) ဦးကို သန်လျင်လူငယ်သင်တန်းကျောင်းမှ ခွင့်ဖြင့် ပြန်လည်လွှတ်ပေးထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly