မြောက်ကိုရီးယားအား လူသားချင်းစာနာမှု အကူအညီများ ပေးမည်ဆိုသည့် တောင်ကိုရီးယား သမ္မတ လူကြိုက်နည်းလာ

မြောက်ကိုရီးယားအား လူသားချင်းစာနာမှု အကူအညီများ ပေးမည်ဆိုသည့် တောင်ကိုရီးယား သမ္မတ လူကြိုက်နည်းလာ

ပြုံယမ်း၊ စက်တင်ဘာ ၂၅ ။             ။ မြောက်ကိုရီးယားနိုင်ငံအား လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးရန် ပြီးခဲ့သည့် သီတင်းပတ်က အတည်ပြုဆုံးဖြတ်ချက် ချလိုက်သည့် တောင်ကိုရီးယား သမ္မတအပေါ် လူကြိုက်များမှု ကျဆင်းသွားကြောင်း စက်တင်ဘာ ၂၅ ရက်က နောက်ဆုံးမဲစစ်တမ်းကောက်ယူမှုအရ သိရသည်။

တောင်ကိုရီးယားကုမ္ပဏီ Realmeter က ကောက်ယူသော မဲစစ်တမ်းတွင် သမ္မတ မွန်ဂျေအင်း၏ လူကြိုက်များနှုန်းသည် ပြီးခဲ့သည့် သီတင်းပတ်မှ ၁ဒဿမ ၅ ရာခိုင်နှုန်းကျဆင်းရာ ၆၅ ဒဿမ ၆ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြသည်။

မွန်ဂျေအင်း၏ လစ်ဘရယ်အစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူ နှုန်းထားက ၂ ဒဿမ ၆ ရာခိုင်နှုန်း တိုးပွားပြီး ၂၉ ဒဿမ ၄ ရာခိုင်နှုန်း ရှိကြောင်း အဆိုပါ မဲစစ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ သမ္မတ မွန်ဂျေအင်း လူကြိုက်များမှု ကျဆင်းခြင်းသည် လက်နက်စမ်းသပ်မှုများ အကြိမ်ကြိမ် ပြုလုပ်သည့် မြောက်ကိုရီးယားကို တင်းမာမှုများ မြင့်တက်နေသည့်ကြားက လူသားချင်းစာနာထောက်ထားရေး အကူအညီ အမေရိကန်ဒေါ်လာ ရှစ်သန်း ကူညီမည် ဆုံးဖြတ်ချက် ချလိုက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း Realmeter က ဖော်ပြသည်။

စက်တင်ဘာ ၃ ရက်က တိုက်ချင်းပစ်ဒုံးကျည်ပေါ် တင်ဆောင်စွမ်းသော ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲခဲ့သည်ဟု မြောက်ကိုရီးယားက အတည်ပြုခြင်းနှင့်အတူ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများစွာကို ယခုအတောအတွင်း တိုးမြှင့်ဆောင်ရွက်နေသည်။

ပြုံယမ်းအပေါ် ဒုံးကျည်လက်နက် စမ်းသပ်မှုများကြောင့် နိုင်ငံတကာက ပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်နေချိန်တွင် မည်သည့်အတွက် ယခုအကူအညီကို ပေးရသနည်းဟု ကွန်ဆာဗေးတစ် အတိုက်အခံများက မေးခွန်းထုတ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly