မြို့နယ် ၂ခုမှ စျေးသည်များအားလုံးပါသည့် ပုဇွန်တောင်စျေးတန်း သီတင်းကျွတ် အပြီးတွင် ဖွင့်လှစ်မည်

မြို့နယ် ၂ခုမှ စျေးသည်များအားလုံးပါသည့် ပုဇွန်တောင်စျေးတန်း သီတင်းကျွတ် အပြီးတွင် ဖွင့်လှစ်မည်

ရန်ကုန်၊စက်တင်ဘာ၂၁ ။          ။ ပုဇွန်တောင်နှင့်ဗိုလ်တစ်ထောင်မြို့နယ်တို့မှ လမ်းဘေးဈေးသည်များ အားလုံး  ပြောင်းရွှေ့ရောင်းချရမည့် ပုဇွန်တောင်ဈေးတန်းကို လာမည့် သီတင်းကျွတ်အပြီးတွင် ဖွင့်လှစ်တော့မည် ဖြစ်သည်ဟု ပုဇွန်တောင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောသည်။

"အခုလောလောဆယ် ညှိနေတုန်းပဲ။ အခွန်ကိစ္စနဲ့ပတ်သက်ပြီး လူရယ် စည်ပင်ဌာနက တာဝန်ရှိတဲ့လူရယ် ။ ဝန်ကြီးတို့ရယ်ပေါ့ သီတင်းကျွတ်ပြီးမှပဲ ဖွင့်ဖြစ်မယ်"ဟု ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောသည်။

အဆိုပါဈေးတန်းတွင် ဆိုင်ခန်းပေါင်း ၂၀၀ ပါဝင်ပြီး မနက်ပိုင်းတွင် ဆိုင်ခန်း ၉၀ နှင့် ညနေပိုင်းတွင်လည်း ဆိုင်ခန်း ၁၁၀ ခန်း  ရောင်းချဖွင့်လှစ်မည်ဖြစ်ပြီး နေရာအခက်အခဲကြောင့် ဆိုင်နေရာအကျယ်အဝန်းပေါ် မူတည်ကာ အချို့ဆိုင်များက စပ်တူဘုံဆိုင်များ အဖြစ် ရောင်းချရမည် ဟု သိရသည်။ ဆိုင်ခန်းများအတွက် တစ်ခန်း ၈ပေ ၃လက်မ ပတ်လည် အကျယ်အဝန်းသာ ထားရှိပေးထားသည်။

"တော်ရုံတန်ရုံဆိုင်ကတော့ ရတယ် ။ တချို့များတဲ့ဆိုင်ကတော့ ဘုံဆိုင်လေးတွေ ထား ထားပေးတယ် ။ အများပိုင်လူများတဲ့ဆိုင်တွေကတော့ အဲဒီကနေ မှာစားပေါ့"ဟု ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောသည်။

ပုဇွန်တောင်နှင့်ဗိုလ်တစ်ထောင်မြို့နယ်တို့ရှိ  ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ အောက်ပုဇွန်တောင်လမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တစ်ထောင်ဘုရားလမ်းရှိ လမ်းဘေးဆိုင်များအားလုံး ပုဇွန်တောင်ဈေးတန်း၌ ရောင်းချမည်ဖြစ်သည်။

လမ်းဘေးဈေးသည်များအား ပြောင်းရွှေ့ရန် သက်ဆိုင်ရာမှ အကြောင်းကြားထားပြီးဖြစ်ပြီး အချို့ဆိုင်များမှာမူ ပြောင်းရွှေ့လိုခြင်း မရှိကြပေ။  နဂိုနေရာ၌ ဆိုင်ကို လူသိနေခြင်း၊ စားသုံးသူများရှိနေခြင်းတို့ကြောင့်လည်း အပါအဝင်ဖြစ်သည်ဟု လမ်းဘေး၌ ရောင်းချသူအချို့က ဆိုသည်။

လက်ရှိတွင် ပုဇွန်တောင်ဈေးတန်းနေရာကို ဗိုလ်ချုပ်လမ်းနှင့် ၅၂ လမ်းထောင့်အနီးတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဆိုင်ခန်းနေရာချထားမှုကို  မဲစနစ်ဖြင့် ရွေးချယ်ထားကြောင်း သိရသည်။

အဆိုပါဈေးတန်းသည် ဘုန်းကြီးကျောင်းများအနီး ရှိသည့်အတွက် သား၊ ငါးဈေးဆိုင်များကို ပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းနှင့်ဝေးသည့်နေရာသို့ နေရာချထားပေးကြောင်း ဦးခင်မောင်ဝင်းက ပြောသည်။
လတ်တလောတွင် ပုဇွန်တောင်ဈေးတန်းတွင် မုဒ်ဦးများ၊ ဆိုင်းဘုတ်များတပ်ဆင်နေပြီး ဆိုင်အနည်းငယ် စမ်းသပ်ရောင်းချနေသည်။

အဆိုပါ ပုဇွန်တောင်ဈေးတန်းတွင် ကမ်းနားလမ်းရှိ ပထမဦးဆုံးဖွင့်လှစ်ခဲ့သောဈေးတန်းကဲ့သို့ ဆိုင်ခန်းများ အတွက် အစိုးရမှ ရေ၊ မီး အထောက်အပံ့ပေးသည့် စနစ်များ ပါဝင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly