စက်တင်ဘာ ၂၁ ။ ။ မိမိ၏ သားဖြစ်သူ မူးယစ်မှောင်ခိုကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်နေသည်ဆိုသည့် သတင်းများသာ အမှန်တကယ်ဖြစ်နေမည်ဆိုပါက ၎င်းကိုလည်း ကျောသားရင်သားမခွဲဘဲ သတ်ပစ်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ထုတ်ပြောလိုက်သည်။
ယင်းအပြင် သားဖြစ်သူကို သုတ်သင်ရှင်းလင်းသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြစ်ဒဏ်ကျခံရနိုင်စရာမရှိဟု ၎င်းဘက်က အာမခံကြောင်း ဒူတာတေးက ဆိုသည်။
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး၏ သားဖြစ်သူ အသက် ၄၂ နှစ်ရှိ ပေါ်လို ဒူတာတေးသည် တရုတ် မူးယစ်ဂိုဏ်းတစ်ခု၏ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ၎င်းသည် တရုတ်နိုင်ငံမှတဆင့် မက်သာဖက်တမင်မူးယစ်ဆေးများကို နိုင်ငံတွင်းသို့ ကူညီ ကုန်သွယ်သွင်းယူပေးခဲ့သူဖြစ်ကြောင်း အတိုက်အခံအမတ်တစ်ဦးက စွပ်စွဲပြောဆိုထားခဲ့သည်။
ယင်းစွပ်စွဲချက်များနှင့်ပတ်သက်၍လည်း ဒူတာတေး၏ သားဖြစ်သူအနေဖြင့် ယခုလအတွင်းမှာပဲ ဆိနိတ် စစ်ဆေးရေးအဖွဲ့တစ်ခုရှေ့မှောက်တွင် လာရောက်ငြင်းဆန်ထွက်ဆိုထားခဲ့ရသည်။
ဖိလစ်ပိုင် သမ္မတ ဒူတာတေးက ၎င်း၏ ရွေးကောက်ပွဲ မဲဆွယ်ကမ်းပိန်းအတွင်းမှာပင် ၎င်း၏ သားသမီးများ မူးယစ်ကိစ္စတွင် ပါဝင်ပတ်သက်ထားခြင်းမရှိကြောင်း၊ အကယ်၍ ပတ်သက်နေခဲ့ပါက အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုထားပြီး ဖြစ်သည်။
" အရင်ကတည်းက ကျွန်တော်ပြောထားပြီးသားပါ၊ ကျွန်တော့်သားသမီးတွေများ မူးယစ်ကိစ္စတွေမှာ ပါဝင်ပတ်သက်နေခဲ့တယ်ဆိုရင် သူတို့ကို သတ်သာသတ်ပစ်လိုက်ပါ၊ ဒါမှ ပြည်သူတွေ ဒီမူးယစ်ဆေးကို ရှောင်ကြဉ်သွားနိုင်မှာပါ" ဆိုပြီး ဒူတာတေးက မနီလာရှိ သမ္မတအိမ်တော် မိန့်ခွန်းပြောကြားမှုတစ်ခုတွင် ထည့်သွင်းပြောကြားသွားသည်။