အော်သိုဒေါ့ဇ်ဂျူးများ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဆန္ဒပြကြရာမှ ရဲနှင့် ထိပ်တိုက်တွေ့

By AFP
18 September 2017
အော်သိုဒေါ့ဇ်ဂျူးများ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဆန္ဒပြကြရာမှ ရဲနှင့် ထိပ်တိုက်တွေ့

 

ဂျေရုဆလင်၊ စက်တင်ဘာ ၁၈ ။              ။ အစ္စရေးနိုင်ငံတွင် ရှေးရိုးအော်သိုဒေါ့ဇ် ဂျူးများက ၎င်းတို့အား စစ်မှုထမ်းခြင်းမှ အကာအကွယ်ပေးထားသည့် ဥပဒေတစ်ရပ်အား တရားရုံးက ဖျက်သိမ်းလိုက်ပြီးနောက် စက်တင်ဘာ ၁၇ ရက်တွင် လမ်းများပေါ်ထွက် ဆန္ဒပြကြသည်။ ဆန္ဒပြကြသူများနှင့် ရဲတို့ ထိပ်တိုက်တွေ့ခြင်းကြောင့် ဆန္ဒပြသူ တစ်ချို့အား ဖမ်းဆီးထားသည်။

ဂျေရုဆလင်ရှိ Mea Shearim အရပ်က လမ်းများကို ပိတ်ဆို့ရန် ကြိုးစားသည့် အင်အား သုံးလေးရာရှိသော ဆန္ဒပြလူအုပ်ကို အဓိကရုဏ်းနှိမ်နင်းရေးရဲက ရေအမြောက်များဖြင့် လူစုခွဲသည်။ ယင်းအရပ်သည် ရှေးရိုးအော်သိုဒေါ့ဇ်ဂျူးများ၏ အမာခံအရပ်လည်း ဖြစ်သည်။

“ရဲတွေကို အကြမ်းဖက်တဲ့ ဆူပူဆန္ဒပြသူ ရှစ်ဦးကို ဖမ်းဆီးထားတယ်။”ဟု ဟီဘရူးဘာသာဖြင့် ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“သူတို့က လမ်းပေါ်မှာ တက်အိပ်ကြတယ်။ ရဲတွေကိုလည်း အော်ဟစ်ကြွေးကြော်ကြတယ်။ တစ်ချို့ဆို ခဲတွေနဲ့ပါ ပေါက်တယ်။”ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆန္ဒပြသူများသည် “ငါတို့ဟာ ဂျူးတွေဖြစ်တယ်။ ဒါကြောင့် ဇီယွန်စစ်တပ်မှာ ပါဝင်မှာ မဟုတ်ဘူး။”ဟူသော စာတမ်းများကို ကိုင်ဆောင်ထားကြသည်။

စစ်တပ်အတွင်း ဝင်ရောက်စစ်မှုထမ်းရခြင်းမှ တစ်ချို့သော ရှေးရိုးအော်သိုဒေါ့ဇ်ဂျူးများကို လွတ်ငြိမ်းခွင့်ပေးထားသည့် ဥပဒေအား တရားရုံးက ပယ်ချလိုက်ပြီးနောက် ယခုကဲ့သို့ ဆန္ဒပြမှုများ ဖြစ်ပွားခြင်း ဖြစ်သည်။

အစွဲကြီးသော ဂျူးလူနည်းစု အော်သိုဒေါ့ဇ်များသည် စစ်မှုထမ်းရခြင်းမှ ရေရှည်တိမ်းရှောင်နေကြခြင်းဖြစ်သည်။ ၎င်းတို့၏ ဘာသာရေးခေါင်းဆောင်များကလည်း စစ်မှုထမ်းရပြီဆိုပါက   အော်သိုဒေါ့ဇ်လူအသိုင်းအဝန်း၏ အမျိုးသမီးများ၊ သာမန်ဂျူးများနှင့် ထိတွေ့ဆက်ဆံရမှု အပါအဝင် တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း လှုံ့ဆော်ပြောဟောထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly