လူမည်းတစ်ဦးအား ပစ်သတ်မှုမှ ရဲကို တရားသေလွှတ်လိုက်၍ စိန့်လူးဝစ်က ဆန္ဒပြပွဲများ သုံးရက်မြောက်အထိ ရောက်လာ

By AFP
18 September 2017
လူမည်းတစ်ဦးအား ပစ်သတ်မှုမှ ရဲကို တရားသေလွှတ်လိုက်၍ စိန့်လူးဝစ်က ဆန္ဒပြပွဲများ သုံးရက်မြောက်အထိ ရောက်လာ

 

စိန့်လူးဝစ်၊ စက်တင်ဘာ ၁၈ ။                ။ အမေရိကန်နိုင်ငံ မစ်ဆောရီပြည်နယ် စိန့်လူးဝစ်မြို့တွင် လူမည်းတစ်ဦး ပစ်ခတ်ခံရကာ သေဆုံးမှုမှ ရဲဝန်ထမ်းဟောင်းတစ်ဦးကို တရားသေလွှတ်လိုက်ခြင်းအား ဆန့်ကျင်ဆန္ဒပြမှုများသည် သုံးရက်မြောက်အထိ ရောက်ရှိလာကာ အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းသည်။

စက်တင်ဘာ ၁၇ ရက်တွင် ဆန္ဒပြသူများက ပစ္စည်းအပိုင်းအစများဖြင့် ရဲများအား ပစ်ပေါက်ကာ စတိုးဆိုင်များ၏ ပြတင်းပေါက်တံခါးများကိုလည်း ရိုက်ချိုးကြသည်။

“သွေးထိုးလှုံ့ဆော်သူတွေဟာ ဆိုင်တွေရဲ့ ပြတင်းတံခါးတွေကို ရိုက်ချိုးကြတယ်။ ဒီဖြစ်နေရာ အရပ်ဆီ တာဝန်ရှိသူတွေ ရောက်လာပြီဖြစ်တယ်။”ဟု တွစ်တာအကောင့်တစ်ခုက ရေးသားသည်။

ဆန္ဒပြသူ ရာပေါင်းများစွာသည် အစောပိုင်းက ရဲစခန်းတစ်ခု အပြင်ဖက်မှ စကာ လူစုရုံးပြီး စိန့်လူးဝစ်မြို့ကို လှည့်လည်ချီတက်ပြီး ယင်းရဲစခန်းသို့ပင် ပြန်လည်ဦးတည်ရောက်လာခြင်း ဖြစ်သည်။

လူဖြူရဲဝန်ထမ်းဟောင်း ဂျက်ဆင်စတော့လေးကို စက်တင်ဘာ ၁၅ ရက်က တရားသေလွှတ်သည်မှအစပြုပြီး ပြီးခဲ့သည့် နှစ်ညက ငြိမ်းချမ်းစွာ ဆန္ဒပြမှုများသည် အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းလာတော့သည်။

လူမည်း သံသယရှိသူတစ်ဦး အင်အားသုံးဖမ်းဆီးခံရရာမှ သေဆုံးသွားခဲ့ရသည့် ယခုဖြစ်စဉ်သည် လူမျိုးရေး တင်းမာနေသော စိန့်လူးဝစ်မြို့အတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်စေသည်။ ၂၀၁၄ ခုနှစ်က ဖာဂူဆန်မြို့တွင် လူမည်းအမျိုးသား မိုက်ကယ်ဘရောင်းအား လူဖြူရဲတစ်ဦး ပစ်သတ်မိရာက စပြီး လူမျိုးရေးတင်းမာမှုများ ရှိလာနေခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၅ ရက်က စတင်ဖြစ်ပွားသည့် အဆိုပါ ဆန္ဒပြမှုများတွင် လူ ၃၅ ဦးအား ဖမ်းဆီးထားသည်။ ကျောက်တုံးကျောက်ခဲများဖြင့် ပစ်ပေါက်ကြသည့် ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့ရာမှ ဒဏ်ရာရသူ ရဲ ၁၁ ဦး ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly