အာဖဂန်နစ္စတန်ရှိစျေးတစ်ခု၌ ဗုံးပေါက်ကွဲ၍ လူ ၄ဦးသေဆုံး

By AFP
17 September 2017
အာဖဂန်နစ္စတန်ရှိစျေးတစ်ခု၌ ဗုံးပေါက်ကွဲ၍ လူ ၄ဦးသေဆုံး

ခို့စ်တ်၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၇ ။            ။ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ မိုဘိုင်းဖုန်းရောင်းဝယ်သည့် ဈေးတစ်ခု၌ တနင်္ဂနွေနေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ၄ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ထုတ်ဖော် ပြောဆိုခဲ့သည်။

“ လူတွေဟာ သူတို့ရဲ့မိုဘိုင်းဖုန်းထဲကို သီချင်းနဲ့ဗီဒီယိုတွေထည့်ဖို့ ဈေးထဲကိုလာကြတာဖြစ်ပြီး နေ့လည်ပိုင်း လောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ” ဟု ခို့စ်တ်ခရိုင်မှ ရဲမှူးကြီး ဖိဇ်အူလာခါအီရတ်က ပြောခဲ့သည်။

ထိုတိုက်ခိုက်မှုနှင့်ပက်သက်၍ မည်သည့်အဖွဲ့အစည်းကမှ ၎င်းတို့၏လက်ချက်ဟု ထုတ်ဖော်ပြောဆိုခြင်းမရှိသေး သော်လည်း ပါကစ္စတန်နယ်စပ်၌ တည်ရှိသော ခို့စ်တ်ခရိုင်သည် တာလီဘန်တို့၏တိုက်ခိုက်မှုကို မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။

အာဖဂန်နစ္စတန်၌ တာလီဘန်များအုပ်ချုပ်ခဲ့စဉ် ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ကာလများက သီချင်းနားဆင်ခြင်း အပါအဝင် ဖျော်ဖြေရေးအများအပြားကို ပိတ်ပင်ထားခဲ့ပြီး လက်ရှိအချိန်တွင်လည်း စစ်သွေးကြွများသည် ထိုကဲ့သို့သော မိုဘိုင်းဖုန်းနှင့် သီချင်းများရောင်းချသည့် ဈေးများကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည်။

ပေါက်ကွဲမှုမှာ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ထားသောဗုံးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ခါအီရတ်က ပြောခဲ့သည်။

ခို့စ်တ်ခရိုင်မှ ကျန်းမာရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ ဟာဘစ်ရှာအန်ဆာရီက တိုက်ခိုက်မှုကြောင့် လူ ၄ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဒဏ်ရာရရှိခဲ့သော လူတစ်ဒါဇင်ကျော်ကို   ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း ပြောခဲ့သည်။

လွန်ခဲ့သော ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဦးဆောင် နေတိုးတပ်ဖွဲ့များက ၎င်းတို့၏ စစ်ရေးတာဝန်များကို ရပ်ဆိုင်းခဲ့သည့်အချိန်မှစတင်ပြီး အာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့များသည် တာလီဘန်စစ်သွေးကြွများကို ရင်ဆိုင်ချေမှုန်းရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly