လန်ဒန်အကြမ်းဖက်တိုက်ခိုက်မှုအတွက် နောက်ထပ်သံသယရှိရသူများကို ဆက်လက်ရှာဖွေ

By AFP
17 September 2017
လန်ဒန်အကြမ်းဖက်တိုက်ခိုက်မှုအတွက် နောက်ထပ်သံသယရှိရသူများကို ဆက်လက်ရှာဖွေ

လန်ဒန်၊ ယူကေ၊ စက်တင်ဘာ ၁၇ ။         ။ လူပေါင်း ၃၀ခန့် ဒဏ်ရာရရှိခဲ့သော လန်ဒန်မြို့ရှိ မြေအောက်ရထားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုတွင် ကျူးလွန်ခဲ့သောတရားခံမှာ တစ်ဦးထက်ပိုသည်ဟု ရဲတပ်ဖွဲ့ကယူဆလျက်ရှိပြီး နောက်ထပ်သံသယရှိရသူ များကို အစွမ်းကုန်ရှာဖွေနေဆဲဖြစ်ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က စနေနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

လန်ဒန်မြို့ပြရဲတပ်ဖွဲ့မှ နီရယ်လ်ဘာဆူက တိုက်ခိုက်မှုတွင် ပါဝင်ပက်သက်ခဲ့သည်ဟု သံသယရှိရသော ၁၈ နှစ်အရွယ် လူငယ်တစ်ဦးကို စနေနေ့အစောပိုင်းတွင် ဒိုဗာမြို့ဆိပ်ကမ်းမှ ထွက်ပေါက်အနီးတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြောခဲ့သည်။

“ ဒီတိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ လက်သည်တရားခံဟာ တစ်ဦးထက်ပိုနိုင်တာကြောင့် ကျနော်တို့ မျက်စိဖွင့် နားစွင့်ထားပြီး အစွမ်းကုန်ရှာဖွေနေပါတယ်” ဟု နီရယ်လ်ဘာဆူက သတင်းထောက်များကို ပြောခဲ့သည်။

သံသယရှိရသော တရားခံလူငယ်ကို ဒိုဗာကူးတို့ဆိပ်မှာ တွေ့ရှိခဲ့ခြင်းဖြစ်ကာ သူ့ကိုဖမ်းဆီးစဉ်၌ ကူးတို့ဆိပ် အတွင်းရှိလူများကို အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရပြီး ပစ္စည်းအချို့ကို ရှာဖွေတွေ့ရှိခဲ့ကာ လောလောဆယ်တွင် သူ့ကို လန်ဒန်မြို့၌ ထိန်းသိမ်းထားကြောင်း သိရသည်။

ထိုဗုံးခွဲတိုက်ခိုက်မှုသည် လွန်ခဲ့သော သောကြာနေ့မနက်ပိုင်းက လန်ဒန်မြို့ရှိ မြေအောက်ရထားတစ်စီးအတွင်း ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗြိတိန်အနေဖြင့် ၆လအတွင်း ငါးကြိမ်မြောက် အကြမ်းဖက်တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရ ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့က ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly