အားပြင်းတိုင်ဖုန်းမုန်တိုင်းကြောင့် ဗီယက်နမ်မှာ လူလေးဦးထက်မနည်း သေဆုံးပြီး နေအိမ်ပေါင်း တစ်သိန်းကျော် ပျက်စီး

By AFP
16 September 2017
အားပြင်းတိုင်ဖုန်းမုန်တိုင်းကြောင့် ဗီယက်နမ်မှာ လူလေးဦးထက်မနည်း သေဆုံးပြီး နေအိမ်ပေါင်း တစ်သိန်းကျော် ပျက်စီး

 

စက်တင်ဘာ ၁၆ ။             ။ အားပြင်း တိုင်ဖုန်းမုန်တိုင်း ဒေါ့ဆူရီ ယမန်နေ့က ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယခုအခါ မုန်တိုင်းကြောင့် သေဆုံးသူ လေးဦးထက်မနည်း ရှိခဲ့ပြီး နေအိမ် တစ်သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်ဆိုပြီး ဗီယက်နမ် အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

တိုင်ဖုန်းမုန်တိုင်း ဒေါ့ဆူရီဟာ ယမန်နေ့ နေ့လည်ပိုင်းကစလို့ ဗီယက်နမ်ကို ဝင်တိုက်ခဲ့ရာမှာတော့ နိုင်ငံအလယ်ပိုင်းမှာ ဆိုးဆိုးရွားရွား ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

နှစ်များစွာအတွင်း နိုင်ငံကို ဝင်တိုက်ခဲ့တဲ့ မုန်တိုင်းတွေထဲက အဆိုးဆုံးမုန်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ယခု ဒေါ့ဆူရီ မုန်တိုင်းကြောင့် ပြည်နယ်အများအပြားမှာ နေအိမ်တွေ ပျက်စီးမှု၊ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေး ဓာတ်ကြိုးတွေ ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

ဗီယက်နမ် သဘာဝဘေး ထိန်းချုပ်စီမံရေးအာဏာပိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မုန်တိုင်းကြောင့် လူ လေးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ လူပေါင်း ရှစ်သောင်းနီးပါးကိုလည်း ဘေးလွတ်ရာကို ကူညီရွှေ့ပြောင်းပေးထားခဲ့ရပါတယ်။

အလားတူ အဆိုးရွားဆုံး ထိခိုက်ခဲ့ရတဲ့ ဒေသငါးခုမှာ နေအိမ်ပေါင်း ၁၂၃,၀၀၀ ပျက်စီးခဲ့ပြီး သစ်ပင်တွေနဲ့ ဓာတ်အားလိုင်းတွေလည်း ပြိုလဲခဲ့ရတယ်လို့လည်း ဆိုပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly