အမေရိကန်နှင့် စစ်ရေးတန်းတူဖြစ်စေရမည်ဟု မြောက်ကိုရီးယား ပြော

By AFP
16 September 2017
အမေရိကန်နှင့် စစ်ရေးတန်းတူဖြစ်စေရမည်ဟု မြောက်ကိုရီးယား ပြော

 

ပြုံယမ်း၊ စက်တင်ဘာ ၁၆ ။                 ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်က နျူကလီးယားစီမံကိန်း အပြည့်အစုံ ပြီးမြောက်အောင် စိတ်ပိုင်းဖြတ်ထားပြီး အမေရိကန်နှင့် စစ်ရေးတွင် တန်းတူရည်တူဖြစ်အောင် ကြိုးစားဖော်ဆောင်နေကြောင်း မြောက်ကိုရီးယားနိုင်ငံက စက်တင်ဘာ ၁၆ ရက်တွင် ပြောသည်။

နိုင်ငံ၏ နျူကလီးယားစီမံကိန်းသည် ပြီးစီးလုနီးပါးသို့ ရောက်ရှိနေပြီဟုလည်း ကင်ဂျုံးအွန်က ပြောထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုအပေါ် ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်ခြင်းအား တုံ့ပြန်သည့်အနေဖြင့် စက်တင်ဘာ ၁၅ ရက်က ဂျပန်နိုင်ငံပေါ်မှ ဖြတ်ကာ Hwasong 12 တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်လိုက်သည်။

“ကျွန်တော်တို့ရဲ့ နောက်ဆုံးရည်မှန်းချက် ပန်းတိုင်က ပြုံယမ်းအပေါ် အမေရိကန်က စစ်ရေးအရ အရေးယူမယ်ဆိုတာမျိုး မပြောလာရဲတော့အောင် အဲဒီ အမေရိကန်နိုင်ငံနဲ့ စစ်ရေးမှာ တန်းတူရှိနေအောင် တည်ဆောက်သွားဖို့ပါပဲ။”ဟု ကင်ဂျုံးအွန်က ပြောကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြသည်။

နိုင်ငံ၏ နျူကလီးယားရည်မှန်းချက်မှာလည်း ပန်းတိုင်သို့ သိပ်မဝေးတော့ကြောင်း၊ ပြီးပြည့်စုံရန် နီးစပ်နေပြီဖြစ်ကြောင်း ကင်ဂျုံးအွန်က ပြောသည်ဟု ယင်းသတင်းဌာနတွင် ဖော်ပြသည်။

စက်တင်ဘာ ၁၅ ရက်က ဒုံးကျည်ပစ်လွှတ်မှုသည်လည်း စမ်းသပ်မှုထက် စစ်ရေးလေ့ကျင့်မှုပဲ ဖြစ်ပြီး ယင်းပစ်လွှတ်မှုသည် မြောက်ကိုရီးယား၏ နျူကလီးယားအင်အားတွင် တိုက်ပွဲဝင်စွမ်းရည် တိုးမြင့်လာခြင်းကို ဖော်ပြခြင်းပဲဖြစ်သည်ဟု ကင်ဂျုံးအွန်က ဆိုကြောင်း KCNA သတင်းက ဖော်ပြထားသည်။

ထိုပြင် ခေါင်းဆောင် ကင်ဂျုံးအွန်က “ကျွန်တော်တို့အနေနဲ့ ဒဏ်ခတ်မှုတွေရယ်၊ ပိတ်ဆို့မှုအကန့်အသတ်တွေရယ် ကြားကနေ နျူကလီးယားအင်အားကို ပန်းတိုင်အထိ   ရောက်အောင်   ဖော်ဆောင်ပြတာကို နိုင်ငံကြီးဝါဒီ အမေရိကန်ကို ရှင်းရှင်းလင်းလင်း သိစေရပါမယ်။”ဟု ထပ်လောင်းပြောကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly