အရှေ့တီမောတွင် တစ်ကျော့ပြန် ဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာ ဆို

By AFP
15 September 2017
အရှေ့တီမောတွင် တစ်ကျော့ပြန် ဝန်ကြီးချုပ်နှင့်အတူ အစိုးရအဖွဲ့သစ် ကျမ်းသစ္စာ ဆို

ဒီလီ၊ စက်တင်ဘာ ၁၅ ။        ။ အရှေ့တီမောတွင် ပြန်လည်တင်မြှောက်ခံရသည့် ဝန်ကြီးချုပ် ဦးဆောင်ကာ အစိုးရသစ်က စက်တင်ဘာ ၁၅ ရက်တွင် ကျမ်းသစ္စာ ဆိုသည်။

ရေနံဝင်ငွေကို မှီခိုနေရခြင်းမှ စီးပွားရေး အရွှေ့အပြောင်းလုပ်နိုင်ရေးအတွက် အရှေ့တီမောအနေဖြင့် ရုန်းကန်ရန် လိုအပ်နေသည်ဟု ပညာရှင်များက ပြောသည်။

Fretilin ပါတီ၏ အတွင်းရေးမှူးချုပ် မာရီအယ်ကာတီရီသည် မြို့တော် ဒီလီတွင် ကျင်းပသည့် ပါတီအခမ်းအနားတွင် အစိုးရအဖွဲ့ဝင် ဆယ်ဦးနှင့်အတူ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်အပ်နှင်းခံရခြင်းဖြစ်သည်။

ပါတီအမာခံ ရာပေါင်းများစွာကို မိန့်ခွန်းပြောကြားရာတွင် မာရီအယ်ကာတီရီက အိမ်နီးချင်းများဖြစ်သော သြစတြေးလျနှင့် အင်ဒိုနီးရှားနိုင်ငံတို့နှင့် ဆက်ဆံရေး ဆက်လက်ကောင်းမွန်စေပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရမည်ဟု ကတိကဝတ်ပြုသည်။

“အရှေ့တီမော(တီမောလက်တီ)မှာ ပိုမိုကောင်းမွန်တဲ့ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးတို့ကို ကျွန်တော် ဖော်ဆောင်ပါမယ်။”ဟု ဝန်ကြီးချုပ် မာရီက ဆိုသည်။

လူဦးရေ ၁ ဒဿမ ၂ သန်း၏ ၆၀ ရာခိုင်နှုန်းမှာ အသက် ၂၅ နှစ်အောက် လူငယ်များ ဖြစ်သော အာရှ၏ အနုငယ်ဆုံး ဒီမိုကရေစီနိုင်ငံ အရှေ့တီမောသည် ဆင်းရဲသည့်နိုင်ငံဖြစ်ကာ ရေနံအပေါ် များစွာ မှီခိုနေရခြင်း ဖြစ်သည်။

Fretilin ပါတီအနေဖြင့် ဇူလိုင်လအတွင်းက ရွေးကောက်ပွဲကို ပွတ်ကာသီကာ နိုင်ခဲ့သဖြင့် အစိုးရဖွဲ့စည်းနိုင်ခြင်း မရှိရာ ဒီမိုကရက်တစ်ပါတီနှင့် ပေါင်းပြီး အစိုးရ ဖွဲ့ခဲ့ခြင်း ဖြစ်သည်။

ကက်သလစ်အများစု အရှေ့တီမောနိုင်ငံမှ လူနည်းစု မွတ်စလင် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဝန်ကြီးချုပ် မာရီသည် ၂၀၀၂ ခုနှစ်က အင်ဒိုနီးရှားထံမှ နိုင်ငံလွတ်လပ်ရေးရပြီးချိန် ပထမဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့သူ ဖြစ်သည်။

၂၀၀၆ ခုနှစ်အတွင်းက နိုင်ငံအတွင်း မြို့ပြမငြိမ်သက်မှုများ ဖြစ်ပွားပေါ်ပေါက်ရာမှ ရာထူးက ဆင်းပေးခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly