တိုကျို၊ စက်တင်ဘာ ၁၅ ။ ။ ဂျပန်နိုင်ငံက အသက်တစ်ရာကျော် ဦးရေသည် ယခင်နှစ်ကနှုန်းထားထက် ဦးရေ ၂၀၀၀ ကျော် တိုးများခဲ့ကာ ၆၇၇၈၂ ဦးရေအထိ စံချိန်တင်မြင့်တက်ရောက်ရှိကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။
အသက် တစ်ရာကျော် ဦးရေတွင် အဘွားအိုဦးရေက ၈၈ ရာခိုင်နှုန်း ရှိကြောင်း ဂျပန်အစိုးရ စက်တင်ဘာ ၁ ရက်မှ စတင်ကောက်ယူမှု စာရင်းအရ သိရသည်။
အဘိုးအဘွားများအား အရိုအသေပေးနေ့ အထိမ်းအမှတ်အဖြစ် အဆိုပါ စာရင်းအား ထုတ်ပြန်ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံတွင် အဘိုးအဘွားများအား အရိုအသေပေးနေ့ကို နှစ်စဉ် စက်တင်ဘာလ၏ တတိယ တနင်္လာနေ့တိုင်း ကျင်းပခြင်းဖြစ်သည်။
နိုင်ငံ၏ အသက်ရာကျော်ဦးရေသည် ၁၉၇၁ ခုနှစ်မှစကာ နှစ်စဉ် မြင့်တက်လာခဲ့ပြီး ကျန်းမာရေးဆေးဝါးကဏ္ဍ တိုးတက်ခြင်းနှင့် ပိုမိုကောင်းမွန်လာသည့် ကျန်းမာရေးစောင့်ရှောက်မှုများကြောင့် အသက်ရာကျော်ဦးရေ ထပ်တိုးလာနိုင်သည်ဟု ဝန်ကြီးဌာနက မျှော်မှန်းထားသည်။
ကီကိုင်းကျွန်းမှ နာဘီတာဂျီမာသည် ၁၉၀၀ သြဂုတ်လအတွင်းက မွေးဖွားသူဖြစ်ပြီး အသက် ၁၁၇ နှစ်ရှိရာ ဂျပန်၏ အသက်အကြီးဆုံး အဘွားအို ဖြစ်သည်။
ဟော့ကိုင်းဒိုးကျွန်း အာရှိုနိုအရပ်တွင် ၁၉၀၅ ဇူလိုင်လအတွင်းက မွေးဖွားသော မာဆာဇိုနိုနာကာသည် အသက် ၁၁၂ နှစ်ဖြင့် ဂျပန်၏ အသက်အကြီးဆုံး အဘိုးအိုဖြစ်သည်။
အသက် တစ်ရာကျော်သို့ ရောက်ရန် ရှိနေသူပေါင်းကလည်း ၃၂၂၉၇ ဦးရှိရာ ပြီးခဲ့သည့်နှစ်ကထက် ဦးရေ ၃၅၀ ပိုများလာခဲ့သည်။