နယ်စပ်ခြံစည်းရိုးများ အမြန်ဆုံးကာရံသွားမည်ဖြစ်ပြီး လိုအပ်သည့်ဘဏ္ဍာငွေကို အစိုးရ ဖြည့်ဆည်းမည်

နယ်စပ်ခြံစည်းရိုးများ အမြန်ဆုံးကာရံသွားမည်ဖြစ်ပြီး လိုအပ်သည့်ဘဏ္ဍာငွေကို အစိုးရ ဖြည့်ဆည်းမည်
ဓာတ်ပုံ-EPA
 

ရန်ကုန် ၊စက်တင်ဘာ ၆ ။         ။ ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးများကာရန် လိုအပ်သည့် ဘဏ္ဍာငွေကို နိုင်ငံတော်အစိုးရ ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၆ ရက်နေ့မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံတော် သမ္မတအိမ်တော်၌ ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် အဓိက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု သမ္မတရုံးမှ ထုတ်ပြန်ထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က နယ်စပ်ခြံစည်းရိုးများ ပျက်စီးနေသည့် နေရာကို အမြန် ပြုပြင် ဆောင်ရွက်နေပြီး ခြံစည်းရိုးကာရန် ကျန်ရှိသည့်နေရာများကို အဆင့်မီလုံခြုံစွာ အမြန်ဆုံး ကာရံခြင်း တို့ကို ချက်ချင်းဆောင်ရွက်နေပြီး နယ်စပ်ခြံစည်းရိုးလုံခြုံမှု အားနည်းသည့်နေရာများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံလောက်စွာတိုးမြှင့် ချထားရမည် ဖြစ်ကာ အကြမ်းဖက်မှုတွင် ပါဝင်သူများကို ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့  နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အတိုင်ပင်ခံရုံးဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်းတို့ တက်ရောက်ကြခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ် ချုပ်ကြီးကျော်ဆွေကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၌ ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်များအပေါ် လုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုများ တင်ပြဆွေးနွေးခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြီး ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေကြသည့် တိုင်းရင်းသားများနှင့် ဒေသတွင်းနေထိုင်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပံ့ပိုးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly