အစိုးရဖြုတ်ချရေးသပိတ်တွင် ပါဝင်သည့် သံဃာတော် ၆ ပါးနှင့်လူပုဂ္ဂိုလ် ၁ ဦးကို ထပ်မံရုံးထုတ်

အစိုးရဖြုတ်ချရေးသပိတ်တွင် ပါဝင်သည့် သံဃာတော် ၆ ပါးနှင့်လူပုဂ္ဂိုလ် ၁ ဦးကို ထပ်မံရုံးထုတ်
ဓာတ်ပုံ-ဘိုဘို

 

မန္တလေး၊ စက်တင်ဘာ ၆ ။           ။ အစိုးရဖြုတ်ချရေးသပိတ်စခန်း ဖွင့်လှစ်ရာတွင်ပါဝင်သည့် သံဃာတော် ၆ ပါးနှင့်လူပုဂ္ဂိုလ် ၁ ဦးကို စက်တင်ဘာလ ၆ ရက်၊နံနက်ပိုင်းက တတိယအကြိမ်အဖြစ် ချမ်းမြသာစည်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယနေ့ရုံးချိန်းတွင် တရားလိုအားစတင်စစ်ဆေးခဲ့ပြီး တရားလိုက တင်ပြခဲ့သည့် သက်သေခံဗီဒီယိုဖိုင်အား တစ်ဘက်ရှေ့နေက ကန့်ကွက်ခဲ့ကြောင်းသိရသည်။

သံဃာတော်များဘက်ကလိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဦးအောင်ရဲစိုးက " ဒီနေ့က ဦးတိုက်လျှောက်ထားတဲ့ တရားလိုကို စစစ်ပါတယ်။ တရားလိုကို စစ်ရင်းနဲ့သူတို့ဘက်က သက်သေခံတင်တဲ့ ရုပ်သံဖိုင်တွေပေါ်မှာ ပြည့်စုံလုံလောက်တာမပါတဲ့အတွက် အဲဒါကို ကန့်ကွက်လိုက်တယ်။ အဲဒါကို တရားရုံးကနေ ပြည့်ပြည့်စုံစုံတင်ပြဖို့ အမိန့်ချလိုက်တယ်။"ဟုပြောသည်။

ချမ်းမြသာစည်မြို့နယ်တရားရုံးမှသတင်းပြန်ကြားရေးအရာရှိ တွဲဖက်မြို့နယ်တရားသူကြီး(၂) ဦးကျော်စွာလင်းက " ဒီနေ့ခရိုင်သာသနာရေးမှူးကို စစ်ဆေးတယ်။ စစ်ဆေးတဲ့အချိန်မှာသူက အမှုနဲ့ ပတ်သက်ပြီး တရားလိုဘက်ကနေရိုက်ထားတဲ့ ဗီဒီယိုဖိုင်ပါတဲ့ စီဒီကို သက်သေခံ တင်သွင်းတယ်။ တင်သွင်းတဲ့အခါမှာ တစ်ဖက်ကလည်းဒါ ဒီကိစ္စဟာ မူရင်းရိုက်ကူးတဲ့ကိရိယာနဲ့ယှဉ်တွဲပြမှလက်ခံလို့ရမယ်ဆိုပြီး ကန့်ကွက်တယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီး တရာရုံးကနေပြီးတော့ သက်သေခံတင်သွင်းတဲ့အခါ နည်းလမ်းတကျ တင်သွင်းဖို့။ အဲလိုနည်းလမ်းတကျ တင်သွင်းမှသာ ကြားနာစစ်ဆေးမယ်လို့ စက်တင်ဘာလ ၂၀ ရက်ကို ထပ်မံချိန်းဆိုခဲ့ပါတယ်။"ဟု ပြောသည်။

လေးကြိမ်မြောက်ရုံးချိန်းကို စက်တင်ဘာလ ၂၀နေ့သို့ ချိန်းဆိုထားပြီး ၎င်းနေ့တွင် တရားလိုကို ထပ်မံစစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊သာသနာ ၂၅၀၀ ဗိမ္မာန်တော်မှာ သြဂုတ်လ ၂ ရက်၊မွန်းလွဲ ၃ နာရီက အစိုးရဖြုတ်ချရေးသပိတ်စခန်းကို သံဃာတော်တစ်ချို့နဲ့လူပုဂ္ဂိုလ်တစ်ချို့က ဖွင့်လှစ်ခဲ့ခြင်းကြာင့် သြဂုတ်လ ၅ ရက်၊နံနက် ၂ နာရီ၊၁၅မိနစ်၌သက်ဆိုင်ရာအဖွဲ့က ရှင်းလင်းဖယ်ရှားခဲ့ပြီး ပါဝင်ပတ်သက်သူများကို ပုဒ်မ ၅၀၅(ခ)နဲ့ ဖမ်းဆီးအရေးယူခံခဲ့ရပြီး ချမ်းမြသာစည်မြို့နယ်တရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly