အင်ဒိုနီးရှားရှိ မြန်မာသံရုံး ဓာတ်ဆီဗုံးဖြင့် ပစ်ပေါက်ခံရ

အင်ဒိုနီးရှားရှိ မြန်မာသံရုံး ဓာတ်ဆီဗုံးဖြင့် ပစ်ပေါက်ခံရ

စက်တင်ဘာ ၄ ။          ။ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာရှိ မြန်မာသံရုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက် အစောပိုင်းတုန်းက ဓာတ်ဆီဗုံးတစ်လုံးနဲ့ ပစ်ပေါက်ခံခဲ့ရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပေါ်ခဲ့တယ်ဆိုပြီး အင်ဒိုအာဏာပိုင်တွေက ပြောပါတယ်။

ယင်း ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ကြောင်း ဂျကာတာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အာဂို ယွီဝိုနိုက ပြောပါတယ်။

စက်တင်ဘာ ၃ ရက် နံနက်အစောပိုင်းအချိန်တုန်းက သံရုံး ဒုတိယထပ် အနောက်ပိုင်းစြင်္ကန်တစ်ခုမှာ မီးလောင်ကျွမ်းနေတာကို ကင်းလှည့်ရဲတစ်ဦးက မြင်တွေ့ခဲ့လို့ သံရုံးတာဝန်ခံရဲတပ်ဖွဲ့ဝင်တွေဆီကို သတင်းပို့အကြောင်းကြားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် တာဝန်ကျရဲများက စုံစမ်းစစ်ဆေးခဲ့ရာ မီးစာတစ်ခုနှင့် တွဲချည်ထားသည့် ကြေမွကွဲထွက်နေသော ဘီယာဗူးတစ်ဗူးကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ယင်းအပြင် ယင်းမီးလောင်ဗုံးကို ပစ်သွင်းခဲ့သည်ဟု ယူဆရသည့် အမည်မသိရသူ သံသယရှိသူတစ်ဦးလည်း ကားတစ်စီးဖြင့် ယင်းနေရာတစ်ဝိုက်မှ ထွက်ပြေးသွားခဲ့ကြောင်း အင်ဒိုရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ယခု ဖြစ်စဉ်နှင့်ပတ်သက်၍ ဂျကာတာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ယခုတိုက်ခိုက်မှု၏ နောက်ကွယ်က အကြောင်းရင်းကို ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း အာဂိုက ပြောကြားသွားသည်။

" ဒီကိစ္စ လက်သည်တရားခံကို ရှာဖွေဖမ်းဆီးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေဆဲပါ" လို့လည်း အာဂိုက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ကတော့ ယင်းသံရုံးရှေ့အပြင်ဘက်မှာ ဆန္ဒပြသူတစ်စု ရောက်ရှိကာ မြန်မာနိုင်ငံ ရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ တောင်းဆိုဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly