နိုင်ငံတော်သစ္စာဖောက်မှု စွပ်စွဲချက်ဖြင့် ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် အဖမ်းခံရ

နိုင်ငံတော်သစ္စာဖောက်မှု စွပ်စွဲချက်ဖြင့် ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် အဖမ်းခံရ

စက်တင်ဘာ ၃ ။            ။ ကမ္ဘောဒီးယားနိုင်ငံတော်ကယ်တင်ရေးပါတီမှ အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ ခမ်ဆိုခါသည် တနင်္ဂနွေ နေ့၌ သူနေထိုင်ရာနေရာသို့ ရဲတပ်ဖွဲ့မှ ရုတ်ရက်စီးနင်းရှာဖွေမှု ပြုလုပ်စဉ်တွင် ဖမ်းဆီးခံခဲ့ရသည်။

အာဏာပိုင်များက ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲ၌ အတိုက်အခံပါတီ၏ခေါင်းဆောင်ဖြစ်သူသည် နိုင်ငံခြားသားများအပါအဝင် အခြားလူများနှင့်အတူ အစိုးရအားဆန့်ကျင်ရန်အတွက် လျှို့ဝှက်ပူးပေါင်းကြံစည် နေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ ဒါ့အပြင် ထိုစွပ်စွဲချက်ကို အတည်ပြုပေးနိုင်မည့် ဗီဒီယိုမှတ်တမ်းတစ်ခု ၎င်းတို့ ထံတွင်ရှိကြောင်း အာဏာပိုင်များက ဖြည့်စွက်ပြောကြားခဲ့ပြီး ထိုသို့ကြံစည်မှုကို နိုင်ငံတော်ပုန်ကန်မှုဟု သတ်မှတ်ကြောင်း ပြောဆိုခဲ့ကြသည်။

ထိုသို့ဖမ်းဆီးမှုကို ခမ်ဆိုခါ၏သမီးဖြစ်သူ မိုနိုဗစ်သရာခမ်က အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး သူမ၏ဖခင်ဖြစ်သူနှင့် ကိုယ်ရံတော်များကို ရဲအရာရှိ ၁၀၀ ကျော်က သူတို့၏နေအိမ်သို့ ခွင့်ပြုမိန့်မပါဘဲ ဝင်ရောက်စီးနင်းစဉ်တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း တွစ်တာ၌ ရေးသားကာ အသိပေးခဲ့သည်။

“ခမ်ဆိုခါကို မြို့တော်ခန်းမမှာ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ လက်ထိပ်လည်း ခတ်ထားခဲ့ပါ တယ်။ ခွင့်ပြုမိန့်မပါဘဲ ဖမ်းဆီးခဲ့တာပါ။ သူ့ရဲ့နေအိမ်ကို အင်အား ၁၀၀ နဲ့ ၂၀၀ ကြားမှာရှိတဲ့ ရဲအရာရှိတွေက ရုတ်တရက်စီးနင်းခဲ့ပြီး သူ့ကိုဖမ်းသွားခဲ့ပါတယ်” ဟု သူမက တွစ်တာ၌ ရေးသားခဲ့သည်။

ခမ်ဆိုခါ၏နေရာ၌ အလျင်တာဝန်ယူသွားခဲ့ဖူးသူ ဆမ်ရိန်စီအား အစိုးရက ပြီးခဲ့သော ဇူလိုင်လက ပိတ်ပင်မှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးတင်းမာမှုများ ပေါ်ပေါက်လာခဲ့ပြီးနောက်တွင် ယခုလိုဖမ်းဆီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆမ်ရိန်စီသည် လွန်ခဲ့သော ၂၀၁၅ ခုနှစ်က ဝန်ကြီးချုပ်ဟန်ဆန်နှင့် အမှုရင်ဆိုင်မှုပေါ်ပေါက်ခဲ့အပြီးတွင် ပြည်နှင်ဒဏ်ပေးခံခဲ့ရပြီး လက်ရှိတွင် ပြင်သစ်နိုင်ငံ၌ နေထိုင်လျက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံအား လွန်ခဲ့သော ၁၉၈၅ခုနှစ်ကတည်းက အုပ်ချုပ်လာခဲ့သည့် ဟန်ဆန်နှင့် ကာကွယ်ရေး ဝန်ကြီး တီယာဘန်းတို့က အကယ်၍ သူတို့၏ ကမ္ဘောဒီးယားပြည်သူ့ပါတီသည် လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ပါက နိုင်ငံအတွင်း၌ ပြည်တွင်းစစ်ဖြစ်ပွားသွားနိုင်ကြောင်း ပြီးခဲ့သောဇွန်လက သတိပေးခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly