ဗုံးစနက်တံဖြုတ်ရန်အတွက် ဖရန့်ဖွတ်မြို့တွင်းမှ လူပေါင်း ၆သောင်းကျော်ကို အရေးပေါ်နေရာပြောင်းရွှေ့

ဗုံးစနက်တံဖြုတ်ရန်အတွက် ဖရန့်ဖွတ်မြို့တွင်းမှ လူပေါင်း ၆သောင်းကျော်ကို အရေးပေါ်နေရာပြောင်းရွှေ့

ဖရန့်ဖွတ်၊ ဂျာမနီ၊ စက်တင်ဘာ ၃ ။            ။ ဒုတိယကမ္ဘာစစ်အတွင်းက မပေါက်ကွဲပဲကျန်ရှိနေသေးသည့် ကြီးမားသောဗုံးတစ်လုံးကို စနက်တံဖြုတ်ရန် အတွက် ဖရန့်ဖွတ်မြို့လယ်ခေါင်မှ လူပေါင်း ၆သောင်းကျော်ခန့်ကို ဂျာမန်ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မနက်ပိုင်း၌ အရေးပေါ်နေရာ ပြောင်းရွှေ့ပေးခဲ့ကြသည်။

မဟာမိတ်များ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဗြိတိန်တို့ဘက်မှ ကြဲချလိုက်သော အိတ်ချ်စီ ၄၀၀၀ ဗုံးကြီးသည် အလေးချိန် ၁.၄ တန်ခန့်ရှိကြောင်း သိရသည်။

အရေးပေါ်ပြောင်းရွှေ့ရန် ကြာမြင့်ချိန်ကို နှစ်နာရီဟုသတ်မှတ်ထားပြီး လူပေါင်း ၆သောင်းမှ ၇ သောင်းခန့်သည် ၎င်းတို့၏အိုးအိမ်များကို စွန့်ခွာသွားရမည်ဖြစ်သည်။

ထိုဗုံးကိုလွန်ခဲ့သော သြဂုတ်လ ၂၉ ရက်နေ့ကတည်းက ဂိုသီတက္ကသိုလ်အနီး၌ ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေး နယ်နမိတ်ကို ၁.၅ ကီလိုမီတာ ပတ်လည်ခန့် သတ်မှတ်ထားသည်။

ထိုသို့အရေးပေါ်ပြောင်းရွှေ့မှုကို ရဲအရာရှိပေါင်းများစွာနှင့် မီးသတ်သမားတစ်ထောင်ခန့်က ကူညီဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း ဖရန့်ဖွတ်ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့၏အဆိုအရ သိရသည်။

ဗုံးရှင်းလင်းရမည့်နေရာမှာ ဂျာမနီဗဟိုဘဏ်၊ ရဲဌာနချုပ်၊ ဟက်စီရေဒီယိုဌာနနှင့် ရုပ်သံထုတ်လွှင့်မှုဌာန တို့နှင့် ရုက္ခဗေဒဥယျာဉ်တို့ တည်ရှိသော နေရာတွင်ဖြစ်သည်။

ဗုံးရှင်းလင်းရေးလုပ်ငန်းများကို ဒေသစံတော်ချိန် နေ့လည် ၁၂နာရီတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လေးနာရီခန့် အချိန်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံရှိ မြို့အများအပြားတွင် ဒုတိယကမ္ဘာစစ်ကကြဲချခဲ့သည့် မပေါက်ကွဲသေးသော ဗုံးများကို မကြာခဏ ရှာတွေ့နေပြီး ထိုဗုံးများကို မဟာမိတ်တပ်ဖွဲ့များက အပြင်းအထန် ကြဲချခဲ့ခြင်းဖြစ်ကာ ထိုဗုံးများ၏ ၁၀ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းခန့်မှာ မပေါက်ပဲကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly