ကိုယ်ကျိုးစီးပွားအတွက် မကြည့်ပဲ မြန်မာကို အရိုးခံသက်သက် ကူညီပေးချင်ဟု အိန္ဒိယသံအမတ်ကြီး ပြော

ကိုယ်ကျိုးစီးပွားအတွက် မကြည့်ပဲ မြန်မာကို အရိုးခံသက်သက် ကူညီပေးချင်ဟု အိန္ဒိယသံအမတ်ကြီး ပြော

စက်တင်ဘာ ၁ ။         ။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ခိုင်မာတဲ့ အခြေခံအဆောက်အအုံတစ်ရပ် ရလာနိုင်ဖို့ အိန္ဒိယဘက်က ကူညီတည်ဆောက် ပေးသွားလိုပါတယ်ဆိုပြီး   မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Vikram Misri က သြဂုတ်လ ၃၁ ရက် မဇ္ဈိမနဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

ယခုလို အကူအညီပေးတဲ့ နေရာမှာတော့ အိန္ဒိယအစိုးရအနေနဲ့ ယင်းရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေအတွက် အကျိုးဖြစ်စေနိုင်မယ့် အခြေခံ အဆောက်အအုံတွေ တည်ဆောက်ခြင်းထက်   မြန်မာပြည်သူတွေအတွက်သာ ရည်ရွယ်တဲ့ အများပိုင် အခြေခံအဆောက်အအုံ ပစ္စည်းတွေကိုသာ ထည့်ဝင် တည်ဆောက်ပေးဖို့ကိုပဲ အလေးထား အာရုံစိုက်လျက်ရှိတယ်လို့လည်း ၎င်းက ပြောပါတယ်။

"တစ်ချို့ နိုင်ငံတွေ လုပ်နေသလိုမျိုး ကျွန်တော်တို့ကတော့ မလုပ်ချင်ပါဘူး၊ မြန်မာပြည်သူတွေ အသုံးပြုနိုင်မယ့် အများပိုင် ပစ္စည်းအဆောက်အအုံတွေကိုသာ ကျွန်တော်တို့က ဖန်တီးပေးချင်တာပါ၊ ဒီနေရာမှာ ကျွန်တော်တို့ အိန္ဒိယစီးပွားရေး လုပ်ငန်းတွေကို တိုးမြင့်နိုင်မယ့် အခြေခံအဆောက်အအုံတွေ ရည်ရွယ် ဖန်တီးလိုခြင်းမရှိဘူးလို့ ပြောချင်ပါတယ်" ဆိုပြီး Misri က ပြောပါတယ်။

"အဓိကပြောချင်တဲ့အချက်က ကျွန်တော်တို့ ဖန်တီးတည်ဆောက်နေတဲ့ အခြေခံအဆောက်အအုံတွေက မြန်မာပြည်သူတွေပိုင်မယ့် ပစ္စည်းတွေပါ၊ ဒါကို မြန်မာအစိုးရနဲ့ ပြည်သူတွေကပဲ ပိုင်ပါတယ်၊ အိန္ဒိယက စီးပွားရေး အကျိုးအမြတ်တွေနဲ့ ပတ်သက်ဖို့ မရှိပါဘူး" လို့ ၎င်းက ဆိုပါတယ်။

အိန္ဒိယအစိုးရက ပံ့ပိုးဆောင်ရွက်နေလျက်ရှိတဲ့ ဖွံ့ဖြိုးရေး ပရောဂျက် အများစုဟာဆိုရင်လည်း ထောက်ပံ့ကြေးတွေနဲ့ အထူးချေးငွေ ခွင့်ပြုချက်တစ်ချို့ပုံစံနဲ့ပဲ ငွေကြေး ထောက်ပံ့ပေးထားလျက်ရှိပါတယ်။ " ဒါပေမယ့် ခုလုပ်နေတာက မြန်မာအစိုးရကို ကြွေးမြီဝန်ထုပ်ဝန်ပိုးတွေ တင်သွားနိုင်အောင်လို့ ရည်ရွယ်ဖန်တီးနေခြင်း မရှိပါဘူး၊ ကျွန်တော်တို့ စီမံကိန်းတွေက မြန်မာ့စီးပွားရေး ကောင်းမွန်လာအောင် ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါတယ်" လို့လည်း Misri က ပြောပါတယ်။

ကုလားတန် ဘက်စုံ တိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်နှစ်ဆင့်ဖြစ်တဲ့ ဆိပ်ကမ်းနဲ့ ကုန်းတွင်းရေကြောင်း အခြေခံ အဆောက်အအုံတွေဟာလည်း ဆိုရင်လည်း ခုချိန်မှာ အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

"ပလက်၀ ဆိပ်ကမ်းနဲ့ မြန်မာနယ်စပ် အိန္ဒိယအရှေ့မြောက် မီဇိုရမ်ပြည်နယ်ထိ  သွယ်တန်းမယ့် ၁၀၉ ကီလိုမီတာ လမ်းပိုင်း တည်ဆောက်မှုအတွက် လုပ်ငန်းတွေကို မကြာခင် စတင်သွားမှာ ဖြစ်ပါတယ်၊ တည်ဆောက်ရေး လုပ်ငန်းတွေကို အောက်တိုဘာလ နောက်ပိုင်း စတင်သွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်၊ လုပ်ပိုင်ခွင့် ကန်ထရိုက်လည်း ရပြီးပါပြီ" လို့ ၎င်းက ပြောပါတယ်။

ဝန်ကြီးချုပ် မိုဒီရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာဆိုရင် ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ ယဉ်ကျေးမှုချင်း ချိတ်ဆက်မှုပိုင်းကို အလေးထားမှာ ဖြစ်သလို မြန်မာ့ယဉ်ကျေးမှုရဲ့ ကြီးကျယ်တဲ့ မတူညီမှုတွေကိုပါ ထင်ဟပ် ပြသစေမှာဖြစ်တယ်လို့လည်း ၎င်းက ပြောပါသေးတယ်။

အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်အကူးအပြောင်းမှာ အကူအညီအထောက်အပံ့တွေ ပေးလည်းပေးနေကြောင်း၊ ပိုပြီးတော့လည်း ပေးသွားဖို့ရှိကြောင်း သံအမတ်ကြီးက ပြောပါတယ်။

"ကျွန်တော်တို့မှာက နိုင်ငံတည်ဆောက်ခြင်း၊ ဖယ်ဒရယ်လစ်ဇင်၊ ဒီမိုကရေစီ ထည့်သွင်းကျင့်သုံးမှုနဲ့ တစ်ခြားတစ်ခြား အပိုင်းတွေမှာ မြန်မာကို မျှဝေပေးနိုင်မယ့် အတွေ့အကြုံတွေ အများကြီး ရှိထားပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။

အလားတူ အိန္ဒိယရဲ့ ဒီမိုကရေစီစနစ်နဲ့ ပတ်သက်လို့ အတွေ့အကြုံတွေ လေ့လာဖို့အတွက် မြန်မာနိုင်ငံက ဥပဒေပြုအမတ် ကိုယ်စားလှယ်အဖွဲ့နှစ်ခုလည်း အိန္ဒိယဆီလာရောက်လည်ပတ်ခဲ့ကြောင်း၊ ယခုအခါမှာလည်း မြန်မာအောက်လွှတ်တော် ဥက္ကဌကလည်း အိန္ဒိယ အောက်လွှတ်တော်ဥက္ကဌရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယဆီလာရောက်ဖို့ ဆုံးဖြတ်ထားကြောင်း သံအမတ်ကြီး ကပြောပါတယ်။

"ပထမ လွှတ်တော်အမတ်အုပ်စုက နိုင်ငံရေးပါတီတွေက ဖြစ်ပါတယ်၊ ဒုတိယလာတဲ့ အဖွဲ့ကတော့ တိုင်းရင်းသားဒေသတွေက ဖြစ်ပါတယ်၊ သူတို့တွေက မီဇိုရမ်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်၊ မီဇိုရမ်ပြည်နယ်ဟာဆိုရင် နှစ် ၂၀ ကြာ တိုင်းရင်းသား ပဋိပက္ခတွေကို စေ့စပ်ညှိနှိုင်းမှုကနေ အောင်မြင်စွာ အဆုံးသတ်ထားနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် လုပ်ထားနိုင်ခဲ့တဲ့ပြည်နယ်တစ်ခုပါ" လို့လည်း ၎င်းက ဆိုပါတယ်။

"ကျွန်တော်တို့အနေနဲ့ကတော အရောင်တောက်ပဆုံး ပစ္စည်းကိရိယာတွေ ဒါမှမဟုတ် ပြိုးပြိုးပျက်ပျက် လူမှုဘ၀ သုံးကုန်ပစ္စည်းတွေ မြန်မာကို ပေးချင်မှ ပေးပါလိမ့်မယ်၊ ဒါပေမယ့် မြန်မာအတွက် သင့်လျော်မှုရှိတဲ့ အရာတွေကို ကျွန်တော်တို့ပေးသွားပါမယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နှစ်နိုင်ငံဟာ တူညီတဲ့ တည်ရှိမှု အတွေ့အကြုံတွေ ရှိနေလို့ပါ" လို့လည်း ၎င်းက ပြောပါတယ်။

ပဲ တင်ပို့မှု အငြင်းပွားမှုကိစ္စနဲ့ပတ်သက်လို့လည်း အိန္ဒိယအနေနဲ့ ယခုထုတ်ပြန်ထားတဲ့ သွင်းကုန် ပိတ်ပင်ချက်တွေ မလုပ်ခင်ကတည်းက ထိုးထားခဲ့တဲ့ ရှိရင်းစွဲ ကုန်သွယ်ရေး သဘောတူညီချက်တွေကို လေးစားလိုက်နာဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

" ဒါက မြန်မာ ပဲတင်ပို့သူတွေကို ဒေါ်လာ ၃၅ သန်းလောက်ထိ သက်သာရာ ရသွားစေနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ပစ္စည်းတွေကို သူတို့ တင်ပို့ထားပြီးဖြစ်လို့ပါ" လို့လည်း ၎င်းက ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာဆိုရင် လာမယ့် စက်တင်ဘာ ၆ ရက်မှာ နေပြည်တော်မှာ မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ၎င်းက ဆိုပါတယ်။

"အဲဒါပြီးရင်တော့ သူ ပုဂံက အာနန္ဒာဘုရားကို သွားဖူးပါလိမ့်မယ်၊ အာနန္ဒာမှာက အိန္ဒိယ ရှေ့ဟောင်း သုတေသီတွေက တန်ဖိုးမဖြတ်နိုင်တဲ့ ရှေ့လက်ရာတွေလည်း တွေ့ထားခဲ့ပါတယ်" လို့ ၎င်းကပြောပါတယ်။

ပုဂံဒေသမှာ အိန္ဒိယရဲ့ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်တာနဲ့ ပတ်သက်လို့လည်း ကြီးမားတဲ့ ထောက်ခံမှုတွေရနေကြောင်း၊ မြန်မာနိုင်ငံတွင်းကနေ ပြည်ပမှာ သွားရောက်နေထိုင်နေသူ တွေတောင် အားပေးကြကြောင်း ၎င်းက ဆိုပါတယ်။

အလားတူ လုပ်ငန်းဆောင်ရွက်မယ့် အိန္ဒိယကုမ္ပဏီတွေကိုလည်း သဘာဝပတ်ဝန်းကျင် ဂိုက်လိုင်းတွေအတိုင်း လိုက်နာဖို့ တင်းတင်းကြပ်ကြပ် ညွှန်ကြားထားတယ်လို့လည်း ၎င်းက ပြောပါတယ်။ အာရှ သုံးနိုင်ငံ ဆက်သွယ်မယ့် အမြန်လမ်းဖောက်လုပ်မှု အပိုင်းနှစ်ခုကိုလည်း မကြာခင် စတင်သွားမယ်လို့လည်း ၎င်းက ပြောပါတယ်။

"ဝန်ကြီးချုပ်ရဲ့ ဒီခရီးစဉ်မှာ ကျွန်တော်တို့အနေနဲ့ လမ်းနဲ့ ဆိပ်ကမ်းတွေလို အခြေခံ အဆောက်အအုံတွေကို ပိုမိုချောမွေ့စွာ အပြီးသတ် လုပ်ဆောင်သွားနိုင်ရေး အလေးထားလုပ်ဆောင်ဖို့ ရှိပါတယ်" လို့ ၎င်းက ပြောပါတယ်။

" သယ်ယူပို့ဆောင်ရေး စြင်္ကန်တွေကနေ ဖွံ့ဖြိုးတိုးတက်ရေး စြင်္ကန်တွေအဖြစ် ပြောင်းလဲပေးလိုပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။ ဒါ့အပြင် သတင်းအချက်အလက်နဲ့ နည်းပညာလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ငွေရေးကြေးရေး လုပ်ငန်းတွေအပါအဝင် ယင်းရဲ့ အဆင့်မြင့်ပညာရေးကဏ္ဍ ပိုမိုဖွင့်လှစ်ပေးသွားလိုတယ်လို့ လည်း ၎င်းက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly