အကြမ်းဖက်သတင်းများကြောင့် မောင်တောမြို့နယ် မြဝတီရွာသားအားလုံး ညတွင်းချင်းထွက်ပြေးခဲ့ရဟုဆို

အကြမ်းဖက်သတင်းများကြောင့် မောင်တောမြို့နယ် မြဝတီရွာသားအားလုံး ညတွင်းချင်းထွက်ပြေးခဲ့ရဟုဆို
သြဂုတ်လ ၂၅ ရက်နေ့က ရသေ့တောင်မြို့နယ်ရှိ ဒေသခံပြည်သူများ တိုက်ခိုက်မှုဖြစ်ပွားရာနေရာများမှ ဘေးကင်းလုံခြုံရာသို့ ပြောင်းရွှေ့ခဲ့ခြင်းအား မြင်တွေ့ရပုံ။ ဓာတ်ပုံ-EPA

ရန်ကုန်၊ သြဂုတ် ၃၁ ။          ။ ရခိုင်မြောက်ပိုင်း မောင်တောဒေသ ရှိ မြဝတီရွာတွင် အကြမ်းဖက်သမားများဝင်တိုက်မည်ဟု သတင်းကြား၍ ယမန်နေ့ညက ညတွင်းချင်း ရွာလုံးကျွတ်ထွက်ပြေး လာခဲ့ရသည်ဟု ရွာသားဖြစ်သူ ကိုစောလှဌေးက မဇ္ဈိမကိုပြောသည်။

“ ညက ဝင်တိုက်မယ်ဆိုလို့  ၉နာရီလောက်ချက်ချင်းပြေးလာရတယ်။  ရဲတပ်ဖွဲ့တွေနဲ့အတူ ဝပ်ကျွင်းတွေ လယ်ကွင်းတွေမှာ တစ်ညအိပ်ပြီးတော့ ရခိုင်ရွာတစ်ရွာကို အခုရောက်ပါတယ် “ ဟုဖုန်းဖြင့်မေးမြန်းစဉ်၎င်းက ပြန်လည်ဖြေကြားသည်။

ထွက်ပြေးလာခဲ့ရသည့် မြဝတီရွာတွင် အိမ်ခြေ ၅၀ ကျော်ရှိပြီး လူဦးရေအားဖြင့် ၂၀၀ ကျော်ရှိသည်ဟု သိရသည်။ အကြမ်းဖက်မှုများစတင်ဖြစ်ပွားခဲ့သည့် သြဂုတ် ၂၅ ရက်နေ့ကစတင်ပြီး မြဝတီရွာအနီးရှိ တောအုပ်တွင် ပုန်းအောင်းနေခဲ့ရသည်ဟု ကိုစောလှဌေးကပြောဆိုသည်။

သြဂုတ် ၂၉ ရက်တွင် စစ်သည်အင်အား ၁၀၀ ခန့်ပါသည့် တပ်မ ၉၉ ရောက်ရှိလာပြီး ၃ ဖွဲ့ခွဲကာ တစ်ဖွဲ့ကို ရွာတွင်အစောင့်ထား၍ ကျန်နှစ် ဖွဲ့ကနယ်မြေရှင်းလင်းရေးများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

“ မနေ့ည (သြဂုတ် ၃၀) ကပဲ အကြမ်းဖက်တွေက သူတို့မကျေနပ်တဲ့အပိုင်းတွေရှိတဲ့အခါမှာ ရွာကိုတိုက်မယ်လို့ သတင်းရထားတော့ တပ်ကလည်းပဲအမိန့်ချပြီးချက်ချင်း ရွာကလူတွေကို ချက်ချင်းပဲခေါ်ထုတ်လာတာဖြစ်ပါတယ် “ ဟု ၎င်းကဆိုသည်။

လတ်တလောတွင် မြဝတီရွာမှထွက်ပြေးလာသူများကို  လက်ရှိရောက်နေသည့် ရခိုင်ရွာကျေးရွာအုပ်ချုပ်ရေးမှူးက စာသင်ကျောင်းတွင်နေရာချထားပေးပြီး စားနပ် ရိက္ခာများထောက်ပံ့ပေးထား ကြောင်းကိုစောလှဌေးကပြောသည်။

“ အစိုးရက လုံခြုံရေးမရှိတဲ့အခါမှာ ပြန်လာပြီးတော့ သတ်မှာပဲရွာသားတွေကို ရွာကိုလည်း ဒီတိုင်းပဲထားခဲ့တယ်။ ရှိတာတွေအားလုံးထားခဲ့ပြီး အသက်လွှတ်မြောက်ရေးအတွက် ထွက်လာရတာဖြစ်ပါတယ်။ ရွာသားတွေအားလုံးကတော့ ရွာမှာ လုံးဝပြန်မနေချင်တော့ဘူး။ အစိုးရကိုလည်း မောင်တောဖြစ်ဖြစ်၊ ဘူးသီးတောင်ဖြစ်ဖြစ်၊ စစ်တွေဖြစ်ဖြစ် တစ်နေရာရာကိုပို့စေချင်တယ်။ “ ဟု မြဝတီရွာသား ကိုစောလှဌေးကပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စရင်းများအရ မောင်တောမြို့ ၄ မိုင်အကွာ အထကခွဲ ကျောင်းတွင် အမျိုးသမီးနှင့် ကလေးငယ်များ အများဆုံးပါဝင်သော ဒုက္ခသည် ၁၀၀၀ ကျော် လာရောက်ခိုလှုံနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly