ပျောက်ဆုံးနေသည့် ဒိုင်းနက်တိုင်းရင်းသား ၃ ဦး၏ရုပ်အလောင်းတူးဖော်ရရှိ

ပျောက်ဆုံးနေသည့် ဒိုင်းနက်တိုင်းရင်းသား ၃ ဦး၏ရုပ်အလောင်းတူးဖော်ရရှိ

ရန်ကုန်၊ သြဂုတ် ၃၀ ။                     ။ ပျောက်ဆုံးနေသည့် ဒိုင်းနက်တိုင်းရင်းသား ၅ ဦးအနက် ၃ ဦး ၏ ရုပ်အလောင်းများကို တူးဖော်တွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြောင်ဒိုးကျေးရွာ၏ အရှေ့တောင်ဘက်တောင်ခြေနေရာ၌ မြေသား တူးဖော်စုပုံထားသည့်နေရာအား တွေ့ရှိသဖြင့် သြဂုတ် ၂၈ ရက် ညနေ ပိုင်းကတူးဖော်ရှာဖွေခဲ့ရာ ဓားဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည့် ဒိုင်းနက် တိုင်းရင်းသား ၃ဦး၏ အလောင်းကိုတွေ့ရှိခဲ့  ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒိုင်းနက်တိုင်းရင်းသား ၂၂ ဦးတို့ သည် နွားအကောင် ၃၀ နှင့်အတူ သြဂုတ် ၂၆ ရက်က ဝေလာတောင်ကျေးရွာဘက်သို့ထွက်ခွာလာခဲ့ပြီး ကြောင်ဒိုးကျေး ရွာ တံတားအနီးအရောက်တွင် ARSA အကြမ်းဖက်သမားအင်အား ၁၀၀ ဦးခန့်က တုတ်၊ ဓားများဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်အတွက် ထွက်ပြေးခဲ့ပြီး နောက် ၅ ဦးပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ARSA အကြမ်းဖက်သမားများ၏ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားလွှတ်မြောက် သူများအနက် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၇ ဦးတို့သည် သြဂုတ် ၂၇ ရက်နံနက် ပိုင်းက အောင်သပြေနယ်မြေရဲစခန်းသို့ ရောက်ရှိ ခဲ့ကြောင်းလည်းသိရသည်။

အဆိုပါရုပ်အလောင်းများအား လုံခြုံရေးတပ်ဖွဲ့မှ ဆေးမှူးက ဆေးစစ်ချက်ယူ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဥပဒေအရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကာ ပျောက်ဆုံးနေသည့် ကျန်တိုင်းရင်းသား ၂ ဦးအား ဆက်လက်ရှာဖွေ လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly