သြဂုတ် ၃၀ ။ ။ ဂျပန်ကို ဖြတ်ကျော်မယ့် နောက်ထပ် ဒုံးကျည်ပစ်လွှတ်မှုတွေ ထပ်လုပ်ဖို့ ရှိသေးတယ်ဆိုပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပြောကြားလိုက်တယ်လို့ သိရပါတယ်။
ဂျပန်ပိုင်နက်ကို ကျော်သွားတဲ့ ဒုံးကျည်ပစ်လွှတ်မှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ပြစ်တင်ရှုတ်ချမှု၊ အမေရိကန်ရဲ့ တုန့်ပြန်အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတို့နဲ့ ကြုံတွေ့လာနေခဲ့လင့်ကစား ယမန်နေ့ ပစ်လွှတ်မှုဟာ အစပျိုးရုံသာသာပဲ ရှိသေးတာကြောင့် နောက်ထပ် အလားတူဖြစ်စဉ်တွေအများကြီး မြင်ရဖို့ ရှိသေးတယ်ဆိုပြီး ပြုံယမ်းဘက်က အခိုင်အမာ ပြောကြားလာခဲ့ပါတယ်။
သြဂုတ် ၂၉ ရက်က မြောက်ကိုရီးယားတို့ရဲ့ ဟွာဆောင်း ၁၂ တာလတ်ပစ်ဒုံးကျည်ပစ်လွှတ်မှုက တင်းမာမှုတွေမြင့်တက်နေချိန်အတွင်းမှာပဲ နောက်ထပ်ရန်စမှု တစ်ခုကို ပြသပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကလည်း အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ဒုံးကျည်ပစ်လွှတ်မယ်လို့ ခြိမ်းခြောက်ခဲ့သလို တစ်ဘက်မှာလည်း အမေရိကန်သမ္မတ ထရမ့်ကလည်း ယင်းနိုင်ငံအပေါ် ပြင်းထန်တဲ့တုန့်ပြန်မှုလုပ်မယ်လို့ တန်ပြန်ခြိမ်းခြောက်မှုတွေ ရှိထားခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားတို့ ယခု နောက်ဆုံးလုပ်ဆောင်ထားခဲ့တဲ့ ဂျပန်ကို ကျော်သွားတဲ့ ဒုံးပစ်လွှတ်မှုမှုနဲ့ပတ်သက်လို့လည်း ထရမ့်က နည်းလမ်းကုန်သုံးပြီး စဉ်းစားသွားမည်ဟု ထရမ့်က ပြောဆိုထားခဲ့ပါတယ်။