အင်းဝအပ်ချုပ်ဆိုင်အမှု မီဒီယာများ မဟုတ်မမှန် ဖန်တီးမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ဟု ခံပြသက်သေထွက်ဆို

အင်းဝအပ်ချုပ်ဆိုင်အမှု မီဒီယာများ မဟုတ်မမှန် ဖန်တီးမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ဟု ခံပြသက်သေထွက်ဆို

ရန်ကုန်၊ သြဂုတ်လ ၂၉ ။            ။ အိမ်အကူမိန်းကလေးငယ်နှစ်ဦး နှိပ်စက်ခံခဲ့ရသည့် အင်းဝအပ်ချုပ်ဆိုင်အမှုမှာ မီဒီယာများ မဟုတ်မမှန်ဖန်တီးမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်ဟု ခံပြသက်သေဖြစ်သူ ဦးတင်စိုးက အနောက်ပိုင်းခရိုင်တရားရုံးတွင် ထွက်ဆိုခဲ့သည်။

သြဂုတ်လ ၂၉ ရက်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် စွပ်စွဲခံရသူ ဒေါ်တင်သူဇာအပါအဝင် ၆ ဦးဘက်မှ တင်သွင်းထားသည့် ခံပြသက်သေများကို နှစ်ဖက်အကျိုးဆောင်ရှေ့နေများက အပြန်အလှန်မေးခွန်း များမေးမြန်းခဲ့ရာ ခံပြသက်သေဖြစ်သည့် ဦးတင်စိုးက ထိုသို့ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၂၉ ရက် ရုံးချိန်းတွင် စွပ်စွဲခံရသူ တင်မင်းလတ်၏ ငယ်သူချင်းဖြစ်သူ ဒေါ်မြသူဇာနှင့် ရာဇ ထွန်း အဖိုးဖြစ်သူ၏ သူငယ်ချင်းဖြစ်သည့် ဦးတင်စိုးတို့ နှစ်ဦးကို ခံပြသက်သေအဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“လူ့အခွင့်အရေးကော်မရှင်ရုံးမှာ ကိုရာဇာထွန်းတို့ လင်မယားနဲ့ အိမ်အကူမိန်းကလေးတွေရဲ့ အုပ်ထိန်းသူတွေ နှစ်ဦးနှစ်ဖက် ကျေနပ်သဘောတူ ညှိနှိုင်းပြီးတဲ့နောက်မှာ အခုလို မှုခင်းတွေဖြစ်ပွားရတာဟာ မီဒီယာတွေက မဟုတ်မမှန် ဖန်းတီးခဲ့လို့ ဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်”ဟု ခံပြသက်သေ ဦးတင်စိုးက တရားရုံးရှေ့တွင်ထွက် ဆိုခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ အင်းဝအပ်ချုပ်ဆိုင်မိသားစုနှင့် မစန်းကေခိုင်၊ မသဇင်တို့၏ အုပ်ထိန်းသူများ ညှိနှိုင်း၍ အဆင်ပြေသည့်အချိန်တွင် မီဒီယာများက သတင်းဖွသည့်အတွက် ရာဇာထွန်းနှင့် စုမွန်လတ်တို့ ဒုက္ခရောက်ရကြောင်း ရာဇာထွန်း၏ အဖိုးဖြစ်သူပြောပြချက်အရ သိရပြီး ၎င်းသိရှိမြင်တွေ့သမျှကို လာရောက်သက်သေခံခြင်းဖြစ်ကြောင်း ဦးတင်စိုးက ထွက်ဆိုသည်။

ရာဇာထွန်းနှင့် စုမွန်လတ်တို့အား လူကုန်ကူးမှုဖြင့် တရားစွဲဆိုထားသည့်အပေါ် ၎င်းတို့နှစ်ဦးမှာ ငွေကြေးပြည့်စုံ သူများဖြစ်သည့်အပြင် စီးပွားရေးလုပ်ငန်းများမှာလည်း တိုးတက်ကြီးပွားနေသည့်အတွက် လူကုန်ကူးရန် အကြောင်းမရှိကြောင်း၊ ရာဇာထွန်းနှင့် စုမွန်လတ်တို့သည် ယဉ်ကျေးသိမ်မွေ့သူများဖြစ်ပြီး အဝတ်အစားအလှအပ ကို ကြိုက်နှစ်သက်သူများဖြစ်သည်ကတစ်ကြောင်း ယခုကဲ့သို့ အိမ်ဖော်အား ညှင်းပန်းနှိပ်စက်ခဲ့ခြင်းများမရှိဟု ခံပြသက်သေ ဦးတင်စိုးက ထွက်ဆိုခဲ့သည်။

စွပ်စွဲခံရသူ တင်မင်းလတ်၏ ငယ်သူငယ်ချင်းဖြစ်သူ ဒေါ်မြသူဇာကလည်း စွပ်စွဲခံရသူ ဒေါ်တင်သူဇာနေအိမ်တွင် အိမ်အကူမိန်းကလေးနှစ်ဦးကို ညှင်းပန်းနှိပ်စက်သည်ဟု ကြားဖူး၊ မြင်ဖူးခြင်းမရှိကြောင်း တရားရုံးတွင် ထွက် ဆိုခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူ ဒေါ်တင်သူဇာအပါ ၆ ဦးကို ဇူလိုင်လ ၁၃ ရက်ရုံးချိန်းမှ စတင်ကာသြ ဂုတ်လ ၁၇ ရက်နေ့ရုံးချိန်းထိ စစ်ဆေးခဲ့ပြီး သြဂုတ်လ ၂၂ ရက်နေ့ ရုံးချိန်းမှ စတင်ကာ ခံပြသက်သေများကို စတင် စစ်ဆေးနေခြင်းဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာအပါ  ၆ ဦးအတွက် ခံပြသက်သေစစ်ဆေးရန် တရားရုံးတွင် ခံပြသက် သေ ၃၈ ဦး တင်သွင်းထားပြီး ရုံးချိန်း ၃ ချိန်းတွင် ခံပြသက်သေ ၁ဝ ဦးထိ စစ်ဆေးပြီးစီးခဲ့ပြီ ဖြစ်သည်။

ယင်းအမှုနှင့် ပတ်သက်ပြီး လာမည့် သြဂုတ်လ ၃၁ ရက် ရုံးချိန်းတွင်လည်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် ခံပြသက်သေများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly