စစ်သွေးကြွတွေကို ကာကွယ်ပေးနေတယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဝေဖန်ချက် ပါကစ္စတန် ဒေါသထွက်

စစ်သွေးကြွတွေကို ကာကွယ်ပေးနေတယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဝေဖန်ချက် ပါကစ္စတန် ဒေါသထွက်

သြဂုတ် ၂၈ ။                 ။ အမေရိကန်နဲ့ အာဖဂန်တပ်တွေကို ခုခံတိုက်ခိုက်နေတဲ့ စစ်သွေးကြွတွေကို ပါကစ္စတန်တို့ ကာကွယ်စောင့်ရှောက်ပေးနေတယ်ဆိုပြီး သမ္မတ ထရမ့်က ပြီးခဲ့တဲ့အပတ်က လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယင်းဝေဖန်စကားနဲ့ပတ်သက်လို့ ပါကစ္စတန်အာဏာပိုင်တွေဘက်က ယခုထက်ထိ အခဲမကျေနိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

ယခုအခါမှာလည်း ထရမ့်ရဲ့ အဆိုပါဝေဖန်ချက်ကြောင့် စိတ်ဆိုးနေတဲ့ ပါကစ္စတန်အာဏာပိုင်တွေက ၎င်းတို့နိုင်ငံကိုအမေရိကန် ထိပ်တန်းသံအရာရှိကြီးတစ်ဦး လာရောက်မယ့်အစီအစဉ်တစ်ခုကိုလည်း ရှေ့မတိုးစေဘဲ ရွှေ့ဆိုင်းထားလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တောင်အာရှဆိုင်ရာ လက်ထောက်ဝန်ကြီး Alice Wells ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ခု ယနေ့ သြဂုတ် ၂၈ ရက်မှာ ပါကစ္စတန်နိုင်ငံကို မူလက လာရောက်ဖို့ စီစဉ်ထားခဲ့ပေမယ့် ထရမ့်ရဲ့ ဝေဖန်ပြစ်တင်မှုနဲ့ ရင်ဆိုင်ထားခဲ့ရတဲ့ ပါကစ္စတန်တို့ဘက်က ယင်းခရီးစဉ်ကို ခွင့်ပြုမပေးခဲ့ဘဲ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

" ပါကစ္စတန်အစိုးရဘက်က တောင်းဆိုမှုအရ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ သူ့နိုင်ငံထဲ သွားမယ့်ခရီးစဉ်ကို ရွှေ့ဆိုင်းထားလိုက်ပါပြီ၊ နှစ်ဦးနှစ်ဘက် ပြေလည်မှု ရတဲ့အချိန်ကျမှပဲ သွားပါတော့မယ်" လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။

ပြီးခဲ့တဲ့ အမေရိကန်သမ္မတအဆက်ဆက်ကတည်းကလည်း ပါကစ္စတန်တို့ကို တာလီဘန်အပါအဝင် အခြားစစ်သွေးကြွတွေနဲ့ချိတ်ဆက်မှု ရှိနေတဲ့အပေါ် ဝေဖန်ပြစ်တင်မှုတွေ   ပြုလုပ်ထား ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထရမ့်ရဲ့ ဝေဖန်ပြစ်တင်မှုနောက်ပိုင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တီလာဆန်ကလည်း ပါကစ္စတန်တို့အနေနဲ့ အမေရိကန်ရဲ့ အဓိကမဟာမိတ်ဆိုတဲ့ ရပ်တည်ချက်ကနေ ဆုံးရှုံးသွားနိုင်ကြောင်း၊ စစ်ရေးအကူအညီတွေတောင် ရပ်ဆိုင်းလိုက်နိုင်ကြောင်း ထပ်မံသတိပေ့းပြောကြားထားခဲ့ပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags