ဟေတီ ရွေးကောက်ပွဲအကြမ်းဖက်မှုများအတွင်း လူနှစ်ဦးသေဆုံးပြီး မဲရုံပေါင်းများစွာ ဖျက်စီးခံရ

ဟေတီ ရွေးကောက်ပွဲအကြမ်းဖက်မှုများအတွင်း လူနှစ်ဦးသေဆုံးပြီး မဲရုံပေါင်းများစွာ ဖျက်စီးခံရ

ပို့အူပရင့်စ်၊ သြဂုတ် - ၁၁ ။         ။ ဆင်းရဲသည့် ကာရစ်ဘီယံနိုင်ငံတစ်ခုဖြစ်သော ဟေတီနိုင်ငံတွင် ကာလရှည်ကြန့်ကြာနေခဲ့ရသည့် ပါလီမန်ရွေးကောက်ပွဲများ အတွင်း နိုင်ငံရေးအကြမ်းဖက် မှုဖြစ်ပွား ခဲ့သောကြောင့် ပြည်သူ ၂ဦးသေဆုံးခဲ့ရပြီး မဲရုံပေါင်းများစွာမှာလည်း စောစီးစွာ ပိတ်သိမ်းခဲ့ရသည်ဟု ဆိုသည်။

မြို့တော် ပို့အူပရင့်စ်တွင် နံနက်ပိုင်းက မဲရုံများစွာဖျက်စီးခံခဲ့ရပြီးလမ်းပေါ်အကြမ်းဖက်မှုများကြောင့်အခြားသောမဲရုံ ၂၆ရုံကိုလည်း ပိတ်သိမ်းလိုက်ရသောကြောင့် လေးနှစ်တာ ကြန့်ကြာနေပြီးမှ ကျင်းပခဲ့ ရသည့် တနင်္လာနေ့ ရွေးကောက်ပွဲများတွင် မဲပေးသူအရေအတွက်မှာ နည်းပါးခဲ့သည်ဟုဆိုသည်။

ရွေးကောက်ပွဲနေ့ အသေအပျောက်စာရင်းနှင့် ပတ်သက်၍ နိုင်ငံတော်ရဲတပ်ဖွဲ့က တိကျသော အချက်အလက်တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း လူ ၁၃၀ဦးကို ဖမ်းဆီးခဲ့ပြီး လက်နက် ၂၃လက် ကိုလည်း ရဲအရာရှိများက သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

ပေါင်းစည်းရေးပါတီ (Fusiono Party)၏ ဥက္ကဌ အက်မွန်ဒိ ဆပ်ပလိုက် ဗျူဇိုင်းက ပါတီကို ထောက်ခံသူတစ်ဦး၏ သားဖြစ်သူမှာ ဟေတီနိုင်ငံအလယ်ပိုင်းတွင် အသတ်ခံခဲ့ရပြီး အခြားပါတီဝင်နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကြေညာလိုက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အာဏာရ PHTK ပါတီကလည်း ပါတီကိုထောက်ခံသူတစ်ဦးမှာ နိုင်ငံမြောက်ပိုင်းတွင် ပစ်သတ်ခံခဲ့ရသည်ဟု ကြေညာခဲ့သည်။

ယခုပါလီမန်ရွေးကောက်ပွဲများမှာ ၂၀၁၁ခုနှစ်တွင် သမ္မတ မစ်ချယ် မာတယ်လီ အာဏာရလာပြီးနောက်ပိုင်း ဟေတီနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပသည့် ရွေးကောက်ပွဲများပင်ဖြစ်သည်။ လွှတ်တော် အမတ်များ၏ သက်တမ်းကို မတိုးနိုင်သောကြောင့် နိုင်ငံ၏ပါလီမန်ကို ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၁၃ရက်နေ့တွင် ဖျက်သိမ်းခဲ့ရာ ထိုအချိန်မှစ၍ ဥပဒေပြုလွှတ်တော်တွင် အမတ်မရှိဘဲ ဟင်းလင်းဖြစ်နေခဲ့ သည်။

ဥပဒေပြုလွှတ်တော်နှစ်ရပ်တွင် အမတ်နေရာ ၁၃၉နေရာအတွက် မှတ်ပုံတင်ထားသည့် ပါတီပေါင်း ၁၂၈ခုမှ အမတ်လောင်း ၁၈၀၀ကျော်က ပြိုင်ဆိုင်နေကြသည်။

အမေရိကတိုက်တွင် အဆင်းရဲဆုံးအဖြစ် ရပ်တည်နေဆဲဖြစ်သည့် ဟေတီနိုင်ငံမှာ နာတာရှည်နိုင်ငံရေးမတည်ငြိမ်မှု၏ဒဏ်ကို ခံစားလာနေခဲ့ရပြီး လူပေါင်း ၂၅၀၀၀၀ကျော် ကိုသေဆုံးစေ ခဲ့ပြီး နိုင်ငံ၏ အခြေခံအဆောက်အအုံများကိုလည်း ဖျက်စီးပစ်ခဲ့သည့် ၂၀၁၀ခုနှစ် ငလျင်၏ အပျက်အစီးပုံကြားမှ ရုန်းထနိုင်ရန် ရုန်းကန်နေရဆဲပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly