ရခိုင်ပြည်နယ်ထဲရှိ INGOs/ NGO များကို နှင်ထုတ်ဖို့ ပြည်နယ်အစိုးရကို တောင်းဆိုသွားမည်

ရခိုင်ပြည်နယ်ထဲရှိ INGOs/ NGO များကို နှင်ထုတ်ဖို့ ပြည်နယ်အစိုးရကို တောင်းဆိုသွားမည်
ဘူးသီးတောင်မှာ သြဂုတ်လ ၁၃ ရက်နေ့က   ဆန္ဒ ပြနေကြသည့်မြင်ကွင်း။ ဓာတ်ပုံ-နေဇော်လင်း

ရန်ကုန်၊ သြဂုတ် ၂၃ ။           ။ ရခိုင်ပြည်နယ်ရှိ UN/ INGOs/ NGO အဖွဲ့များအားလုံးထွက်ခွာပေးရန် လူပေါင်းသောင်းချီခန့် ဆန္ဒပြခဲ့ကြသော်လည် မထူးခြားသဖြင့် အဆိုပါအဖွဲ့များကို နှင်ထုတ်ပေးရန် ရခိုင်ပြည်နယ်အစိုးရကို လူမှုရေးအဖွဲ့တွေက ထပ်မံတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

“  ဒီအဖွဲ့အစည်းတွေကိုဖယ်ရှားရှင်းလင်းဖို့အတွက် တောင်းဆိုကြပါတယ်။ တကယ်လို့သာ သူတို့တောင်းဆိုတာကို မရဘူးဆိုရင် ပထမအဆင့် အနေနဲ့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ကိုယ်တိုင်သွားရောက်ပြီးတော့ တင်ပြတောင်းဆိုမယ်လို့ သိထားပါတယ်။ ဒီအဖွဲ့တွေက စစ်တွေမြို့ ပြည်လုံးချမ်း သာဘုရားကြီးမှာ ရခိုင်ပြည်နယ်က သက်ကြီးဝါကြီးဖြစ်တဲ့ ရဟန်းရှင်တွေနဲ့ နိုင်ငံရေး စိတ်ပါ၀င်စားတဲ့ လူမှုရေးဆောင်ရွက်နေတဲ့အဖွဲ့တွေ အပါအဝင် ရခိုင်လူထုတွေကဦးဆောင်ပြီး အစည်းဝေး ချပြီးလုပ်တဲ့လုပ်ရပ်လို့နားလည်းပါတယ် “ ဟု စစ်တွေအခြေစိုက် ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကပြောသည်။

ရခိုင်ပြည်နယ်ထဲရှိ သံဃာတော်တွေအပါအဝင် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက သြဂုတ်လ ၂၀ ရက်တွင် အစည်းအဝေး ပြုပ်လုပ် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ပေးရန်၊ အကြမ်းဖက် အဖွဲ့အစည်းများအား အချိန်တိုအတွင်း ဖော်ထုတ်ပြီး ချေမှုန်းပေးရန်၊ မိမိအသက်အိုးအိမ်စည်းစိမ် အတွက် လုံခြံုတဲ့ အာမခံချက်ရှိတဲ့လုံခြံုရေးနှင့် UN/ INGOs/ NGOs အဖွဲ့များ ရခိုင်ပြည်နယ်အတွင်းမှ ထွက်သွားရန် စသည့်အချက်များကို ကြွေးကြော်တောင်းဆိုပြီး သြဂုတ် ၁၃ ရက်က ရခိုင်တစ်ပြည်နယ်လုံး လူပေါင်းသောင်းချီ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

သို့သော် ၁၀ ရက်ကြာသည်အထိ ရခိုင်ပြည်နယ်အစိုးရဘက်မှ တစ်စုံတစ်ရာအကြောင်း ပြန်ကြားပေးခြင်းမျိုးမရှိသည့်အတွက် ယခုလို ထပ်မံတောင်းဆိုရခြင်း ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် မောင်တောဒေသတွင် ည မထွက်ရအမိန့် ပုဒ်မ ၁၄၄ အား သြဂုတ်လ ၉ ရက်မှ သက်တမ်း ၂ လ တိုးမြှင့်လိုက်ပြီး ရသေ့တောင်ဒေသတွင်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly