Billboard ၌ သူမ၏ Rainbow အယ်လ်ဘမ် ဦးဆောင်နိုင်သည့်အတွက် ပရိသတ်များကို Kesha ကျေးဇူးတင်

Billboard ၌ သူမ၏ Rainbow အယ်လ်ဘမ် ဦးဆောင်နိုင်သည့်အတွက် ပရိသတ်များကို Kesha ကျေးဇူးတင်

ဂီတလောကနှင့် အတန်ကြာအောင် ဝေးကွာနေသော အဆိုတော် Kesha သည် သူမ၏အယ်လ်ဘမ်အသစ် Rainbow ဖြင့် ပရိသတ်များထံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ထိုအယ်လ်ဘမ်သည် Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယား၌ လက်ရှိတွင် ထိပ်ဆုံးမှ ဦးဆောင်လျက် ရှိသည်။

Nielsen SoundScan မှ တနင်္လာနေ့က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ အသက် ၃၀အရွယ် Kesha ၏ အယ်လ်ဘမ်အသစ်သည် အချပ်ရေ ၁၁၆၀၀၀ ခန့် ရောင်းချနိုင်ခဲ့သောကြောင့် Witness အယ်လ်ဘမ်ပိုင်ရှင် ကေတီပယ်ရီ ပြီးနောက်တွင်၂၀၁၇ ခုနှစ်၏ ဒုတိယရောင်းအားအကောင်းဆုံး အမျိုးသမီးအဆိုရှင်တစ်ဦး ဖြစ်လာခဲ့သည်။

Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားအား ရေတွက်ပုံမှာ အယ်ဘမ်အချပ်လိုက်ရောင်းချရမှုများ၊ သီချင်းတစ်ပုဒ်ချင်းရောင်းချရမှုအကြိမ်ရေ ( သီချင်းဆယ်ပုဒ်မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) ၊ အင်တာနက်မှ သီချင်းနားဆင်မှု အကြိမ်ရေ ( နားဆင်မှုအကြိမ် ၁၅၀၀ မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့အား တွက်ချက်၍ အဆင့်သတ်မှတ်ခြင်း ဖြစ်သည်။

“ကျွန်မအရမ်းကို ပျော်ရွှင်ပြီးတော့ ကံလည်းအရမ်းကောင်းတယ်လို့ ခံစားရပါတယ်။ ပရိသတ်များကို ကျေးဇူး အရမ်းကိုတင်ပါတယ်။ ကျွန်မရဲ့ ခံစားချက်တွေကို ဖွင့်ဟနိုင်ဖို့အတွက် ဂီတကသာ အကောင်းဆုံးအရာတစ်ခု ဖြစ်ခဲ့ပါတယ်” ဟု Kesha က သူမ၏ဖေ့စ်ဘုတ်စာမျက်နှာ၌ တနင်္လာနေ့က ရေးသားခဲ့ကာ သူမ၏ ပရိသတ်များ ကို ကျေးဇူးစကားပြောကြားခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly