ပီအက်စ်ဂျီအသင်းနဲ့ ပထမဆုံးအိမ်ကွင်းပွဲစဉ်မှာ ၂ ဂိုးသွင်း ၃ ဂိုးဖန်တီးပြီး ခြေစွမ်းပြခဲ့တဲ့ နေမာ

ပီအက်စ်ဂျီအသင်းနဲ့ ပထမဆုံးအိမ်ကွင်းပွဲစဉ်မှာ ၂ ဂိုးသွင်း ၃ ဂိုးဖန်တီးပြီး ခြေစွမ်းပြခဲ့တဲ့ နေမာ

သြဂုတ် ၂၁၊ ပြင်သစ် ။            ။ ကမ္ဘာ့ကြေးအမြင့်ဆုံးကစားသမား နေမာဟာ သူ့ရဲ့ ပီအက်စ်ဂျီအသင်း ပထမဆုံးအိမ်ကွင်းအဖွင့် ပွဲစဉ်မှာတော့ ၂ ဂိုးသွင်းပြီး ၃ ဂိုးရအောင်ဖန်တီးပေးကာ   ခြေစွမ်းပြသခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းက တူးလော့စ်အသင်းကို ၆-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နေမာဟာ ပထမချေပဂိုးနဲ့ နောက်ဆုံးအပိတ်ဂိုးကို ပွဲချိန် ၃၁ မိနစ်နဲ့ ၉၂ မိနစ်တွေမှာ သွင်းယူပေးခဲ့ပါတယ်။ ၃၅ မိနစ်မှာ သွင်းယူခဲ့တဲ့ ရာဘီရော့ရဲ့ဂိုးနဲ့ ၈၄ မိနစ်မှာ သွင်းခဲ့တဲ့ ကာဇာဝါရဲ့ဂိုးတွေကိုလည်း နေမာက ဖန်တီးပေးခဲ့ပါတယ်။

ဒါ့အပြင် ရ၅ မိနစ်မှာ ကာဗာနီသွင်းယူခဲ့တဲ့ ပင်နယ်တီဂိုးကလည်း နေမာကြောင့်ရခဲ့တာ ဖြစ်ပါတယ်။ နေမာဟာ ပွဲစဉ် ၂ ပွဲသာ ကစားပြီးချိန်မှာ သုံးဂိုးသွင်းထားပြီး ၄ ဂိုးရအောင် ဖန်တီးပေးထားပါတယ်။

လက်ရှိအချိန်မှာ နေမာဟာ ကာဗာနီနဲ့အတူ ပြင်သစ်လိဂ်ရဲ့ ဒုတိယဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ကြောင်း သက်သေပြသလျက်ရှိပါတယ်။

ပြင်သစ်ပွဲစဉ်သုံးပွဲ ကစားပြီးချိန်မှာ ပီအက်စ်ဂျီ၊ မိုနာကိုနဲ့ စိန့်အက်တီနီတို့ဟာ သုံးပွဲစလုံးအနိုင်ရထားကြပြီး အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ၁၁ ဂိုးသွင်းယူထားပြီး ၂ ဂိုးသာ ပြန်ပေးထားရတာကြောင့် ဂိုးကွာခြားချက် ၉ ဂိုးအထိ ရှိပြီး(မိုနာကို၊ စိန့်အက်တီနီတို့ထက် ၄ ဂိုးသာ) အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်လျက်ရှိနေပါတယ်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags