မြိုင်၊ သြဂုတ် ၂၀ ။ ။ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် နှင့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်စပ်ရှိ တောင်ပေါ်မူလတန်း ကျောင်းခွဲမှ ကျောင်းသား၊ကျောင်းသူအချို့တွင် ရာသီတုပ်ကွေးရောဂါ အဖြစ်များနေသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နေရလျက်ရှိသည်ဟု သိရသည်။
အဆိုပါ စာသင်ကျောင်းတွင် ကျောင်းသား၊ကျောင်းသူ ၃၀ရှိပြီး ယခု ပြီးခဲ့သည့် သီတင်းပတ် တနင်္ဂလာနေ့မှ စတင်ကာ နေမကောင်း အဖြစ်များနေခဲ့ခြင်းဖြစ်သည်ဟု တာဝန်ခံ ကျောင်းဆရာက ဆိုသည်။
"ဒီတစ်ပတ်ကျောင်းစဖွင့်တော့ ကလေး ၁၁ယောက်လောက်ဖျားနေလို့ ကျောင်းမလာနိုင်ဘူး။သူတို့ကျောင်းမလာနိုင်တော့ ဆေးတွေပေး၊ကျန်းမာရေးမှူးကို ဖုန်းဆက်အကူအညီတောင်းပြီး ကလေးတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်နေရတယ်"ဟု တာဝန်ခံကျောင်းဆရာ ဦးသန်းမြင့်စိုးက ဆိုသည်။
ယင်းတောတန်းနေရာသည် မြိုင်မြို့နယ်အတွင်းတည်ရှိပြီး အိမ်ခြေ ၅၀ကျော်ရှိကာ အိမ်တိုင်းနီးပါး တုပ်ကွေးဖြစ်ပွားလျက်ရှိတယ်ဟု ဒေသခံတို့က ဆိုသည်။
ယခင်က ယခုကဲ့သို့ အုပ်စုလိုက်ဖျားနာခြင်းမရှိဘဲ ယခုနှစ်မှသာ ကြံုတွေ့ခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဗဟင်းတိုက်နယ်ဆေးရုံ ဆရာဝန်ကြီးနှင့် တစ်ကိုယ်တော်ပရဟိတအဖွဲ့တို့က ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးနေသည်ဟု အိမ်တန်းတာဝန်ရှိသူ ဦးရာပေါက ဆိုသည်။
"အဓိက ကတော့ ရာသီတုပ်ကွေးလို့ပဲ ယူဆရတယ်။နှာစေး၊ ချောင်းဆိုး ပြီး ဖျားနေတယ်ဆိုတော့ ရာသီတုပ်ကွေးပေါ့။ လူဦးရေနည်းတော့ ကူးစက်မြန်တဲ့သဘောပေါ့"ဟု ဗဟင်းတိုက်နယ်ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာ မျိုးဦးက ပြောသည်။
လက်ရှိအချိန်တွင် ကျေးရွာအတွင်း လူဦးရေ ၃၀ကျော် ဆေးကုသမှုခံခဲ့ပြီး စောင့်ကြည့်သင့်သည့် ကလေးငယ် ၃ဦးရှိကာ ဗဟင်းတိုက်နယ်ဆေးရုံ တွင် ခေါ်ယူကုသမှုပေးလျှက်ရှိသည်ဟု သိရသည်။