ရခိုင်မှာ မူးယစ်ဆေးဝါးက ငါးပိ၊ ငါးခြောက်ထက် ဝယ်ရလွယ်ကူနေဟု လွှတ်တော်အမတ် ဝေဖန်

ရခိုင်မှာ မူးယစ်ဆေးဝါးက ငါးပိ၊ ငါးခြောက်ထက် ဝယ်ရလွယ်ကူနေဟု လွှတ်တော်အမတ် ဝေဖန်
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၁၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါးများ လွယ်ကူစွာ ပျံ့နှံ့လျက်ရှိပြီး မူးယစ်ဆေးဝါး ဝယ်ယူရသည်မှာ ငါးပိ၊ ငါးခြောက်ထက်ပင် လွယ်ကူနေသည်ဟု ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဦးထွန်းဝင်းက ဝေဖန်လိုက်သည်။

“မူးယစ်ဆေးဝါးက ငါးပိ၊ ငါးခြောက် ဝယ်တာထက်တောင် လွယ်နေပါတယ်” ဟု ၎င်းက ဝေဖန်ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ မြို့များတချို့တွင် လွယ်ကူစွာ ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါးများကို ကာကွယ်တားဆီးတိုက်ဖျက်ရန် နို်င်ငံတော်မှ မည်သို့ လုပ်ဆောင်နေသည်ဟု သိလိုကြောင်း ဩဂုတ်လ ၁၈ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းစဉ် ဦးဦးထွန်းဝင်းက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဆိုင်ကယ်တွေနဲ့ သွားလာပြီးတော့မှ လက်ဆင့်ကမ်းပြီးတော့ ရောင်းနေတဲ့ အခြေအနေတွေ ရှိတယ်။ ဆိုလိုတာက ငါးပိ၊ ငါးခြောက်ဝယ်မယ်ဆိုရင်ဗျာ၊ ဈေးတွေ လိုက်ရှာနေရဦးမယ်။ အခုက ဈေးကို လိုက်ရှာစရာမလိုဘဲ အိမ်ကနေ ရနေတဲ့ အခြအနေမျိုးတွေ ဖြစ်နေပြီ။ ဒါကြောင့် ငါးပိ၊ ငါးခြောက်ဝယ်တာထက် ပိုလွယ်တယ်လို့ ကျွန်တော် ဆိုလိုတာပါ” ဟု ဦးဦးထွန်းဝင်းက လွှတ်တော်အစည်းအဝေးအပြီးတွင် မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၅ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၃၁၇မှု၊ တရားခံ ၄၈၆ဦး ဖမ်းဆီးရမိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် ပြောသည်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနို်င်ငံတဝှမ်းလုံးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ပျံ့နှံ့လာမှုကို နို်င်ငံတော်အစိုးရမှ အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ကဏ္ဍပေါင်းစုံမှ ထိထိရောက်ရောက် တီးဆီးကာကွယ်လျက်ရှိသည်ဟုလည်း ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

ဦးဦးထွန်းဝင်းကမူ “အောက်ခြေမှာတော့ ဒီနေ့အချိန်ထိ မူးယစ်ဆေးဝါးဈေးကွက်ဟာ မှောင်ခိုဈေးကွက်ပုံစံတောင် မဟုတ်ဘဲနဲ့ ပေါ်ပေါ်တင်တင် လုပ်နေကြတဲ့ အခြေအနေ ရှိတယ်။ ဒါကို ပြည်ထောင်စုအစိုးရက ဒီထက်ပိုပြီးတော့ အလေးအနက်ထားပြီး ပီပီပြင်ပြင် လုပ်စေချင်တယ်” ဟု မှတ်ချက်ပြုသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly