ခန္တီး ၌ စံချိန်တင် မြစ်ရေကျော်လွန်နေပြီး ဒေသခံ နှစ်ထောင်ကျော် ရေဘေးဒဏ်ခံစားနေရ

ခန္တီး ၌ စံချိန်တင် မြစ်ရေကျော်လွန်နေပြီး ဒေသခံ နှစ်ထောင်ကျော် ရေဘေးဒဏ်ခံစားနေရ

ရန်ကုန် ၊ သြဂုတ် ၁၆ ။           ။ စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်၌ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်မြင့်တက်နေပြီး ခန္တီးမြို့ဒေသခံပြည်သူ နှစ်ထောင်ကျော် ရေဘေးဒုက္ခခံစားနေရသည်ဟု ခန္တီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"မနေ့ကအထိကတော့ ရေကတောက်လျှောက်တက်တယ်။ မိုးကမပြတ်ဘူး၊ ရေဘေးရှောင်လူဦးရေကတော့ ၂၀၀၀ ကျော်သွားပြီ" ဟု ခန္တီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေး က ဆိုသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေ သည် ခန္တီးမြို့နယ်၌ ၁၅၁၆ စင်တီမီတာ အထိ ရှိနေပြီး စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၃၆၀ စင်တီမီတာ အထက် ၁၅၆ စင်တီမီတာ မြင့်တက်နေသည်။

မိုးလေဝသ၏ ထုတ်ပြန်ချက်များအရ အဆိုပါ စိုးရိမ်ရေမှတ်သည် ခန္တီးမြို့၏ ယခုနှစ်အတွင်း အမြင့်ဆုံး ရောက်ရှိခဲ့သည့် ရေမှတ်လည်းဖြစ်သည်။ ခန္တီးမြို့တွင် ပထမအကြိမ် ရေကြီးကာလဖြစ်သည့် ဇူလိုင်လ ၁၀ ရက်နေ့တွင် စိုးရိမ်ရေမှတ် အထက် ၁၄၆ စင်တီမီတာရှိနေခဲ့ပြီး ယမန်နေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက် ၁၅၃ စင်တီမီတာတွင် ရှိနေသည်။

ချင်းတွင်းမြစ်ရေမြင့်တက်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်လ ဖြစ်သည့် ဇူလိုင်လအတွင်း၌လည်း မြစ်ရေကြီးခြင်း ဖြစ်ပွားခဲ့ကာ ခန္တီး ၊ ဟုမ္မလင်း ၊မော်လိုက် ၊ ကနီ ၊မုံရွာ စသည့် မြို့များတွင် ရေဘေးဒဏ် ခံစားခဲ့ရသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာတစ်နိုင်ငံလုံးအနေအထားအရ မကွေးတိုင်း၊ ပဲခူးတိုင်း ၊စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများကြောင့် လူတစ်သိန်းကျော်ခန့်သည် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေခဲ့ရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly