ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရရန် ကူညီပေးမည်ဟုဆိုကာ ပီအက်စ်ဂျီသို့ မပြောင်းရန် နေမာကို မက်ဆီတားဆီးခဲ့

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရရန် ကူညီပေးမည်ဟုဆိုကာ ပီအက်စ်ဂျီသို့ မပြောင်းရန် နေမာကို မက်ဆီတားဆီးခဲ့

သြဂုတ် ၁၆၊ စပိန် ။                           ။ မက်ဆီက နေမာအား ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ရရှိရန် ကူညီပေးသွားမည်ဟုဆိုပြီး ဘာစီလိုနာမှ မပြောင်းရန် တားဆီးခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

မက်ဆီနှင့်ဆွာရက်ဇ်တို့ နှစ်ဦးစလုံးက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၉၈ သန်းဖြင့် ပီအက်စ်ဂျီအသင်းသို့ နေမာပြောင်းရွှေ့မည်ကို မသွားရန် ပြောဆိုခဲ့ကြသည်။ ထိုစကားများကို ဂျူဗင်တပ်စ်အသင်းနှင့်ကစားမည့် ရာသီကြို ခြေစမ်းပွဲမတိုင်မီက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မက်ဆီက နေမာကို “မင်းဘာကိုလိုချင်တာလဲ? ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို လိုချင်တာလား။ ဒါဆို အဲ့ဒီဆုကို ရအောင် ငါကူညီပေးမယ်” ဟု ပြောဆိုခဲ့ကြောင်း Spain’s Diario Sport က ဖော်ပြခဲ့သည်။

မက်ဆီမှ ထိုကဲ့သို့ ပြောဆိုခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ဘဲ နောက်ဆုံးတွင် နေမာမှာ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။ နေမာ ပီအက်စ်ဂျီသို့ ပြောင်းသွားပြီးနောက်တွင် မက်ဆီက “နေမာရေ မင်းနဲ့အတူ ဖြတ်ကျော်ခဲ့ရတဲ့ အချိန်ကာလတွေက သာမန်ထက်ပိုပြီး ကျေနပ်ပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ မင်းရဲ့ဘဝစာမျက်နှာသစ်မှာ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်” ဟု ရေးသားခဲ့သည်။

နေမာကလည်း “ကျေးဇူးဘရားသား။ မင်းကိုငါသတိရနေမှာပါ” ဟု ပြန်လည်ရေးသားခဲ့သည်။ ဆွာရက်ဇ်နှင့်နေမာတို့လည်း အပြန်အလှန် နှုတ်ဆက်ခဲ့ကြသည်။

ရည်ညွှန်း မယ်ရာ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly