သြဂုတ် ၁၄ ။ ။ နိုင်ငံခြားသားများအပါအဝင် လူပေါင်း ၁၈ ဦး ထိ သေဆုံးခဲ့ရသည့် ဘာကီနာဖာဆိုမြို့တော်ရှိ စားသောက်ဆိုင် အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ယခုအခါ အဓိကကျူးလွန်သူ အကြမ်းဖက်သမားနှစ်ဦးအား သုတ်သင်ရှင်းလင်းလိုက်နိုင်ပြီ ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ပြောကြားသည်။
ယင်းဖြစ်စဉ်တွင် အကြမ်းဖက်သမားတို့၏ ပစ်ခတ်မှုကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ရပြီး ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာများအသီးသီး ရရှိသွားကြသည်။
သြဂုတ် ၁၃ ရက်ညပိုင်းက လူစည်ကားသည့် ယင်းစားသောက်ဆိုင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ကျူးလွန်သူ နှစ်ဦးအား လုံခြံုရေးတပ်ဖွဲ့ဝင်များက ပစ်သတ်ရှင်းလင်းခဲ့ပြီ ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ရီမစ် ဒန်ဂျီနိုက ပြောသည်။
သို့သော် အဆိုပါ တိုက်ခိုက်မှုတွင် သေနတ်သမား ဘယ်နှစ်ဦး ပါ၀င်ခဲ့သည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း သိရှိရသေးခြင်း မရှိပေ။
အကြမ်းဖက်သမားနှိမ်နင်းမှု စစ်ဆင်ရေးပြီးဆုံးသွားပြီ ဖြစ်ကြောင်း၊ သို့သော် စားသောက်ဆိုင် အနီးအနားဧရိယာတွင် ဆက်လက်ရှာဖွေမှုများ ရှိနေဆဲဖြစ်ကြောင်း ဒန်ဂျီနိုက ထပ်လောင်းပြောကြားသွားသည်။