လူသတ်လုယက်မှု တရားခံပြေးအား ဝင်ရောက်ဖမ်းဆီးရာ သေနတ်သုံးလက်ပါ သိမ်းဆည်းရမိ

လူသတ်လုယက်မှု တရားခံပြေးအား ဝင်ရောက်ဖမ်းဆီးရာ သေနတ်သုံးလက်ပါ သိမ်းဆည်းရမိ
(ဓာတ်ပုံ - ရေခဲ(ပြည်))

ပြည်၊ သြဂုတ် ၁၄ (မဇ္စျိမ)။     ။ ပြည်မြို့မှ လူသတ်မှု လုယက်မှုများဖြင့် ထွက်ပြေးနေသူ ကိုကိုထွန်း(ခ) ၀က်ကလေးဆိုသူကို မန္တလေးတိုင်းအတွင်း ဖမ်းဆီးခဲ့ရာ ၄င်းအား လက်ခံထားသူ အိမ်ပိုင်ရှင်ထံမှ သေနတ်သုံးလက်ပါ သိမ်းဆည်းရမိကြောင်း သြဂုတ် လ ၁၃ ရက်  ပြည်မြို့တွင် ပြုလုပ်သည့် ရဲတပ်ဖွဲ့၏ လူထုတွေ့ဆုံပွဲမှ သိရသည်။

“ထိတွေ့မှုရှိနိုင်တဲ့အတွက် အိမ်ရှင်ကို ရွာသားနဲ့အပြင်ခေါ်ထုတ်ပြီး ထိန်းသိမ်းခဲ့တယ်။ ငါတို့ အိမ်ရှင်ဆီက သေနတ်ရှာတာဖြစ်တယ်။  မဆိုင်တဲ့လူအပြင်ထွက်ဆိုပြီး လုပ်လိုက်တဲ့အချိန် အပြင်မှာ ရဲနဲ့ စောင့်ဖမ်းခဲ့တယ်”ဟု ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းအောင် က ဆိုသည်။

သြဂုတ်လ ၁၂ ရက် နံနက် ၁ နာရီ တွင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊  တကောင်းမြို့နယ်ခွဲ ပေကုန်းရွာ ဦးစန်းလှိုင်နေအိမ်တွင် ကိုကိုထွန်း(ခ)၀က်ကလေးကို သွားရောက်ဖမ်းဆီးခဲ့ရာမှ အိမ်ပိုင်ရှင်ထံက တူမီးသေနတ် အတိုတစ်လက်၊ အရှည် နှစ်လက် ဖမ်းဆီးရမိခဲ့ပြီး ၀က်ကလေးထံက အရိုးအသွားအရှည် ၂၅ လက်မ ရှိ ဓါးတစ်ချောင်းကို သိမ်းဆည်းရမိခဲ့သည်။

တရားခံပြေး ကိုကိုထွန်း(ခ)၀က်ကလေးသည် ၂၀၁၆ ခုနှစ်က ကားမှန်ရိုက်ခွဲမှုကျူးလွန်သည့်အတွက် ပုဒ်မ ၄၂၇ ၊ ရွိုင်ရယ်စတားစင်တင်တေးဂီတနှင့် ကေတီဗီဆိုင်တွင် အငယ်တန်းလျှပ်စစ် အင်ဂျင်နီယာတစ်ဦးကို သတ်ခဲ့သည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ၊ ဒေါင်းမင်းအင်တာနက်ဆိုင်ကို ၀င်ရောက်လုယက်သည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၈၆ တို့ဖြင့် အမှုဖွင့်အရေးယူခံထားရသူဖြစ်သည်။

၎င်း ကိုကိုထွန်း(ခ) ၀က်ကလေးနှင့် ဖားပါးစပ်(ခ) ဝေယံထက်တို့သည် မေလ ၁၁ ရက်နေ့က ဒေါင်းမင်း အင်တာနက်ဆိုင်ကို ၀င်ရောက် လုယက်ခဲ့သည်။ ထို့နောက် ၄င်းတို့သည် ဇနီးဖြစ်သူများကို ခေါ်ကာ မေလ၂၃ ရက်တွင် ပြည်မြို့မှ ထွက်ပြေးခဲ့သည်။ ဖားပါးစပ်(ခ) ဝေယံထက်၏ ဇနီးကို ဇွန်လ ၂၃ ရက်နေ့က ရဲတပ်ဖွဲ့က  ပြန်လည်တွေ့ရှိခဲ့ပြီး မိဘထံပြန်လည် အပ်နှံခဲ့သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့သို့ ရောက်ရှိချိန်တွင် ၀က်ကလေးနှင့် ဖားပါးစပ် သဘောထားကွဲလွဲကာ ဖားပါးစပ်ဆိုသူသည် ပြည်မြို့သို့ ပြန်လာခဲ့သည်။ ဖားပါးစပ်သည် ပြည်မြို့မှ ရန်ကုန်သို့ထွက်ခွာရန် ကြိုးစားနေစဉ် ဇူလိုင် ၂၁ ရက်က နဝဒေးရပ်ကွက် ကံသုံးဆင့်လမ်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

၄င်းဝက်ကလေး (ခ) ကိုကိုထွန်းနှင့်ပတ်သတ်ပြီး မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် ရှိကြောင်း သတင်းရရှိသဖြင့်  ပြည်မြို့မှ ရဲအုပ်လှဝင်း၊ ဒုရဲအုပ်လှိုင်မိုးဝေ၊ ဒုတပ်ကြပ် ၀င်းကျော်ထွန်းတို့ကို  သြဂုတ် ၉ ရက်က ရွေးချယ်စေလွှတ်ခဲ့သည်။

ပေကုန်းကျေးရွာ သစ်လုပ်သည့် ကိုစန်းလှိုင်နေအိမ်တွင် ရှိနေကြောင်း သတင်းထပ်မံရရှိခဲ့ရာ သြဂုတ် ၁၁ ရက် နေ့ခင်းဘက်တွင် ရွာထဲမဝင်ဘဲ ယာတဲတစ်ခုထဲတွင် စခန်းချ၍ ည(၈)နာရီတွင် ရာအိမ်မှူး၊ ရပ်မိရပ်ဖများ၊ ဒေသခံရဲတပ်ဖွဲ့ဝင်များနှင့်ညှိနှိုင်းခဲ့ပြီး  သြဂုတ် ၁၂ ရက်မနက် ၁ နာရီတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အိမ်ရှင် ဦးစန်းလှိုင်ကို လက်နက်မှုဖြင့် လည်းကောင်း ရဲစခန်းတွင် အမှုဖွင့်ထားပြီး ၀က်ကလေး(ခ) ကိုကိုထွန်းကို ပြည်မြို့သို့ ဖမ်းဆီးခေါ်ဆောင်ကာ ယခင်အမှုများဖြင့် အရေးယူမည်ဖြစ်သည်။ အမှှုနှှင့် မသက်ဆိုင်သည့် ၀က်ကလေး၏ ဇနီးကို တစ်ပါတည်းခေါ်ဆောင်လာနိုင်ခြင်း မရှိသဖြင့် နောက်မှ လိုက်လာရန်မှာကြားထားသည်ဟုလည်း သိရသည်။

၄င်းလူထုတွေ့ဆုံပွဲကို ပြည်မြို ့ နဝင်းနယ်မြေ ရဲရိပ်သာတွင် ပြုလုပ်ခဲ့ပြး တွေ့ဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲဦးစီးပထမတန်း G1 ဒုရဲမှူးကြီး ဇော်မင်းအောင်၊ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်းအောင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး တင်ကို၊ အမှတ်(၁) ရဲစခန်းမှူး ရဲအုပ်တင့်ကြိုင်တို့က မှုခင်းဖြစ်စဉ်များနှင့်ပတ်သတ်ပြီး  ရှင်းလင်းပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့ သတင်းမီဒီယာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ် တည်ငြိမ်အေးချမ်းရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly