လွန်ခဲ့သည့် နှစ်အနည်းက ပခုက္ကူမြို့၏ ရပ်ကွက်တိုင်းတွင် စာအုပ်အငှားဆိုင်များ ရှိခဲ့ကြသည်။ယင်း စာအုပ်အငှားဆိုင်များသည် ငှားရမ်းဖတ်ရှုသူ စာပေ ဝါသနာရှင်များနှင့် စည်ကားသိုက်မြိုက်ခဲ့ကြသည်။
စာအုပ်အငှားဆိုင်များမှ သုတ၊ရသ စာအုပ်များ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်၊ ကာတွန်းစာအုပ်များအား စာပေဝါသနာရှင်များ ငှားရမ်းဖတ်ရှုခဲ့ကြသည်။ အဆိုပါစာအုပ်အငှားဆိုင်များသည် စာဖတ်ဝါသနာပါသူများအတွက် အငှားပြုလုပ်ပေးထားသည့် ဘဏ္ဍာတိုက်ကြီးဆိုလျှင်လည်း မမှား။
လက်ရှိအချိန်တွင် ခေတ်ကာလ တစ်ခုအားကျော်ဖြတ်ရင်း ယင်းစာအုပ်အငှားဆိုင်များမှာ တဖြည်းဖြည်းပျောက်ကွယ်စပြုခဲ့ပြီဖြစ်သည်။
"အရင်က ရပ်ကွက်တိုင်း လမ်းတိုင်းလိုလို စာအုပ်အငှားဆိုင်တွေရှိကြတယ်။ ခုတော့ တစ်မြို့လုံးပေါင်း မှ ၂ဆိုင်လောက်ပဲ မြင်တွေ့ရတော့တယ်"ဟု စာဖတ်သူတစ်ဦးက ပြောသည်။
လက်ရှိကာလတွင် စာအုပ်ငှားကာ ဖတ်ရှုနိုင်သည့် အငှားစာအုပ်ဆိုင်အချို့အနေဖြင့် စီးပွားရေးအရ မပြေလည်မှုများရှိသဖြင့် ပိတ်သိမ်းကြရသည်များလည်း ရှိသည်။ သို့သော် တစ်ချို့ဆိုင်တွေက အရှုံးပေါ်သော်လည်း ၀ါသနာအရင်းခံကာ ကြံ့ကြံ့ခံရပ်တည်နေသည်များလည်း ရှိသေးသည်။
"လက်ရှိအချိန်အထိ ရပ်တည်နေတဲ့ စာအုပ်အငှားဆိုင် ပိုင်ရှင်တွေက သူတို့ကိုယ်တိုင် စာပေ ဝါသနာရှင်တွေဆိုတော့ ဒီစာအုပ်ဆိုင်တွေကို အရှုံးခံပြီး ရပ်တည်နေကြတယ်။သူတို့လည်းဖတ် ကြတယ်။ စာဖတ်သူတွေလည်း ဖတ်စေချင်၊ဖတ်ချင်တဲ့ စာအုပ်တိုက်တွေကို မှာပေးကြတယ်၊ဒါက သူတို့ရဲ့ စာပေချစ်စိတ်လို့မြင်မိတယ်"ဟု စာပေဝါသနာရှင် ကိုသန်းနိုင်ကဆိုသည်။
၂၀၁၂ ခုနှစ်နောက်ပိုင်း အင်တာနက်ကို လူသုံးများလာသည့် အချိန်မှစ၍ စာအုပ်ငှားရမ်းဖတ်သူများ သိသိသာသာလျော့နည်းလာခဲ့ခြင်းဖြစ်သည်ဟု စာအုပ်အငှားဆိုင်အချို့က အပြောင်းအလဲကို သုံးသပ်ကြသည်။ ခုတော့ စာအုပ်ငှားသူ ကျဲပါးကုန်လေပြီ။
"အရင်ကတော့ စာအုပ်လာငှားတဲ့လူလည်း ပေါတယ်။ခုတော့ တစ်နေ့နေမှ ရယောက် ၈ယောက်ပဲ လာငှားကြတယ်"ဟု စာအုပ်အငှားဆိုင် သက်တမ်း ၁၆ နှစ်နီးပါးရှိေနသည့် ပခုက္ကူမြို့ နဂါးစာအုပ်အငှားဆိုင်ပိုင်ရှင်က ဆိုသည်။
စာအုပ်ငှားရမ်းဖတ်ရှုသူ နည်းပါးသဖြင့် စာအုပ်ဆိုင်အား ပိတ်သိမ်းလိုသော်လည်း စာပေအပေါ်ထားရှိသည့် သံယောဇဉ် ကြောင့် အခြားစီးပွားရေးတစ်ခုဖြင့် တွဲဖက်ကာ ဆက်လက်ရပ်တည်နေရခြင်း ဖြစ်သည်ဟု ဆိုသည်။
"ဆိုင်မှာက လက်ရှိအချိန်အထိ စာအုပ်တွေက စုံတယ်။ အသစ်တွေလည်း ဝယ်လို့ရသမျှတင်ထားတယ်။ဒါပေမယ့် စာအုပ်အငှားဆိုင်အနေနဲ့ ရပ်တည်မရတော့ ဖုန်းငွေဖြည့်ကဒ် တွဲရောင်းပြီး ရပ်တည်နေရတယ်"ဟု နဂါးစာအုပ်အငှားဆိုင်ပိုင်ရှင်က ၎င်း၏ ရပ်တည်ချက်ကို ဖွင့်ဟသည်။
အင်တာနက် ခေတ်သို့ရောက်ရှိလာသောအခါ အင်တာနက်ပေါ်ရှိ စာအုပ်များအား Links မှတဆင့် ဒေါင်းလုတ် ပြုလုပ်ကာ အလွယ်တကူ ရရှိနိုင်ပြီဖြစ်သည်။
"အင်တာနက်က ဒေါင်းလုတ် လုပ်လို့မရတဲ့ စာအုပ်တွေ ရှိမှ ဆိုင်လာပြီး မွှေနှောက်ရှာကြတာ၊ပြီးတော့ ဒီဘက်ခေတ်မှာ ဖေ့စ်ဘွတ် လည်း လူအသုံးများနေတော့ အရင်ကလောက် စာအုပ်မငှားရတော့ တာက အမှန်ပဲ"ဟု စာအုပ်ဆိုင်ပိုင်ရှင်က ဆက်ပြောသည်။
အင်တာနက်ကြောင့် ဖတ်ရှုလိုသည့် စာအုပ်များအား လွယ်ကူစွာ ရှာဖွေ၍ ဒေါင်းလုတ် လုပ်ပြီး ဖတ်ရှုနိုင်သော်လည်း ဖုန်းနှင့်ကွန်ပြူတာ အသုံးပြုရသဖြင့် ဆိုးကျိုးများလည်း ရှိနေသည်ဟု စာဖတ်သူတစ်ဦးက ဆိုသည်။ သူတို့ကတော့ စာအုပ်စစ်စစ်ကိုမှ ကိုင်တွယ်ဖတ်ရှုလိုသူတွေ ဖြစ်သည်။
"ဘာပဲပြောပြော အင်တာနက်က ဒေါင်းလုတ် လုပ်ထားတဲ့ စာအုပ်တွေက အပြင်မှာ စာအုပ်ကိုင်ပြီး ဖတ်ရတာနဲ့မတူဘူး။ ဒေါင်းလုတ် လုပ်ထားတဲ့ စာအုပ်တွေ ဖတ်ရတာက ဖုန်း ဒါမှမဟုတ် ကွန်ပြူတာ အသုံးပြုရတဲ့အတွက် သူတို့ရဲ့ အလင်းပြန်မှုတွေက ကြာတော့ မျက်လုံးထိခိုက်လာတယ်။ပြီးတော့ စာဖတ်ရတဲ့အရသာတွေလည်း ကွာခြားပါတယ်"ဟု စာပေဝါသနာရှင်တစ်ဦးဖြစ်သည့် ကိုထက် ဆိုသူက ပြောသည်။
ယနေ့ခေတ် တွင်ခေတ်စားနေသည့် နည်းပညာရပ်များ ၏ ဆိုးကျိုးတစ်ရပ်အနေဖြင့် နောင်ခေတ်လူငယ်များ အနေဖြင့် ကျောင်းသင်ခန်းစာ စာအုပ်များမှ အပ သုတ၊ရသ စာအုပ်များ လျှစ်လျူရှုလိုက်မည်ကို စိုးရိမ်မိကြောင်းလည်း ၎င်းက ဆိုသည်။
"နောင်ခေတ်လူငယ်တွေ စာအုပ်ဆိုတဲ့အရာကို မမြင်ဘူးမှာကို စိုးရိမ်စရာဖြစ်နေတယ်။ပြီးတော့ စာအုပ်အငှားဆိုင်တွေ ရှိခဲ့တယ်ဆိုတာလည်း သူတို့ အတွက် ပုံပြင်တစ်ပုဒ် ဖြစ်နေသလို ဖြစ်လာမှာလည်း စိုးရိမ်မိတယ်"၎င်းက ပြောသည်။
ယင်းကဲ့သို့ အဖြစ်အပျက်များသည် နည်းပညာခေတ်တွင် နည်းပညာ၏ စိန်ခေါ်မှုတစ်ရပ်အား ခံစားနေရခြင်းပင်ဖြစ်သည်။
"လူတွေရဲ့ နည်းပညာအပေါ်မှာ အသုံးချလွန်မှုတွေကြောင့်လို့ သတ်မှတ်ရမယ် ထင်တယ်။အဓိက ကတော့ နည်းပညာ ဖျော်ဖြေမှုနောက်လိုက်ကြလို့ပဲ"ဟု စာဖတ်သူတစ်ဦးဖြစ်သော ကိုသန်းနိုင်က ဆိုသည်။
ယခင်က စာအုပ်ဖြင့်သာ စာဖတ်ကြသည့် စာဖတ်သူများအနေဖြင့်လည်း အင်တာနက် တွင် ဒေါင်းလုတ် ပြုလုပ်ကာ ဖတ်ရှုလိုသည့် စာအုပ်များအား စာဖတ်သူများမှ စာအုပ်ဆိုင်မသွားဘဲ ရှာဖွေ၍ ဖတ်လာကြသည်။
"အဓိက က လိုအပ်တဲ့ စာအုပ်ကလည်း အင်တာနက်ကနေ အလွယ်တကူ ဒေါင်းလုတ် လုပ်လို့ရနေတော့ စာအုပ်အငှားဆိုင်တွေကို စာဖတ်သူရောက်မလာတော့တာ"ကိုသန်းနိုင်က ပြောသည်။
မည်သို့ပင်ဆိုစေကာမူ ယခင်က ရပ်ကွက်အတွင်းရှိ လမ်းထိပ်တိုင်းတွင် ခေတ်စားခဲ့သည့် စာအုပ်အငှားဆိုင်များ တဖြည်းဖြည်း ပျောက်ကွယ်စပြုလာခဲ့ပြီဖြစ်သည်။
ယနေ့ခေတ် လူအများစုသည်ကား စာအုပ်အငှားဆိုင်များနှင့် ဝေးကွာလာခဲ့ပြီဖြစ်သည်။ စာအုပ်အငှားဆိုင်များမှာမူ ကျားကန်၍ ရပ်နေကြဆဲပင်ဖြစ်သည်။ တခေတ်တခါက ခေတ်စားခဲ့သည့် စာအုပ်အငှားဆိုင်ယဉ်ကျေးမှုသည် အခုတော့ ခေတ်အရွေ့မှာ ပြုန်းတီးခဲ့ကုန်ပြီ ဖြစ်သည်။