ခတ္တန္ဒူ၊ သြဂုတ် ၁၂ ။ ။ မိုးသည်းထန်၍ ရေကြီးမြေပြိုမှုများကြောင့် နီပေါနိုင်ငံတစ်ဝန်းတွင် နှစ်ရက်အတွင်း သေဆုံးသူဦးရေ အနည်းဆုံး ၂၅ ဦးရှိကြောင်း တာဝန်ရှိသူများက သြဂုတ် ၁၂ ရက်၌ ပြောသည်။
နိုင်ငံ အရှေ့ဖျားဒေသများနှင့် အနောက်ပိုင်း ဒေသအချို့ရှိ ခရိုင် တစ်ဒါဇင်ကျော်ထက်မနည်းတွင် သြဂုတ် ၁၁ ရက်မှ စကာ မိုးသည်းထန်လျက် ရှိခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။
ယခုမုတ်သုံမိုးသည်းထန်ခြင်းတွင် ရေကြီးမှုများက အိန္ဒိယနယ်စပ် လူနေထူထပ်ရာမြေနိမ့်ဒေသများတွင် ဖြစ်ပေါ်နေပြီး အရှေ့ဖျား အစွန်ပိုင်းဒေသ တောင်ထူထပ်ရာ အရပ်တို့၌ မြေပြိုမှုများ ဖြစ်ပွားသည်။
"ပျက်စီးဆုံးရှုံးမှု အချက်အလက်တွေကို ကျွန်တော်တို့ ကောက်ယူနေတုန်းပါပဲ။ ပြည်ထဲရေးရဲ့ ကနဦး သတင်းအရတော့ ၂၅ ဦး သေဆုံးတယ် ဆိုပါတယ်။"ဟု ယင်းဌာန ပြောခွင့်ရသူ ကာဖီးက အေအက်ဖ်ပီသို့ ပြောသည်။
သြဂုတ် ၁၁ ရက်က စတင်ပြီး သေဆုံးသူ နှစ်ဒါဇင်ကျော်ကြောင်း ဝန်ကြီးချုပ်ရုံးကလည်း ထုတ်ပြန်သည်။
အရှေ့ပိုင်းခရိုင်များတွင် ၁၃ ဦး သေဆုံးပြီး လူလေးဦး ပျောက်ဆုံးနေသည်ဟု ဒေသရဲအကြီးအကဲ ဘာတာရိုင်က ဆိုသည်။
မိုးသည်းထန်မှုကြောင့် တယ်လီဖုန်းလိုင်းနှင့် လျှပ်စစ်မီးများ ပြတ်တောင်းအမျှင်ပြတ်ခြင်းများ ဖြစ်ပေါ်နေရာ အစွန်ဖျားအရပ်များက ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို အတည်ပြုရန် ခက်ကြောင်း ဘာတာရိုင်က ပြောသည်။
တောင်ပိုင်း မြေနိမ့်လွင်ပြင်ဒေသရှိ ကားလမ်းများတွင် ပိတ်ဆို့မှုများ ဖြစ်နေပြီး အနောက်ပိုင်း ဘန်ကီခရိုင်တွင် အဝေးပြေးလမ်းပေါ်ရှိ တံတားသုံးစင်း ပြိုကျသည်ဟု ပြည်ထဲရေးဝန်ကြီး ဂျာနာဒန်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မော်ရန်းခရိုင်အတွင်းက ဘီရတ်နာဂါလေဆိပ်ကို ရိုက်ကူးထားသော လူမှုမီဒီယာများပေါ်ရောက် ဓာတ်ပုံများတွင် လေယာဉ်ပြေးလမ်း သုံးပေအထိ ရေမြုပ်နေရာ၌ လေယာဉ်လွတ်တစ်စင်း သောင်တင်ရပ်တန့်ထားသည်ကို မြင်တွေ့ရသည်။