ရန်ကုန်၊ သြဂုတ် ၁၂ ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ လိုအပ်သည့်ဒေသများတွင် ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အစိုးရက သြဂုတ် ၁၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
သြဂုတ်လ ၉ ရက်နေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးစီးပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်လုံခြုံရေး ဆောင်ရွက်ထားရှိမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ် အစိုးရဘက်မှပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ၄င်းထုတ်ပြန်ချက်အရသိရသည်။
သြဂုတ်လ ၅ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်း သံသယရှိသူအချို့အား ဝင်ရောက်ဖမ်းဆီးရာတွင် ဒေသခံ ၆၀၀ ခန့်က အာဏာပိုင်များတိုက်ခိုက်မှု ကြံုတွေ့ခဲ့ထားကြောင်းသိရသည်။
အလားတူ ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်စဉ်များစတင်ဖြစ်ပွားခဲ့သည့် မောင်တောတွင်လည်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို နှစ်လထပ်မံ တိုးမြှင့်လိုက်ကြောင်း သြဂုတ်လ ၉ရက်တွင် ပြည်နယ်အစိုးရက ကြေညာထားသည်။
မောင်တောမြို့နယ်တွင် ညမထွက်ရအမိန့်ကို၂၀၁၂ ခုနှစ် ပဋိပက္ခများ စတင်ဖြစ်ပွားချိန်မှစတင်ကာ လုံခြုံရေးအခြေအနေများအရ လိုအပ်သလို တိုးလျော့သတ်မှတ်ပေးနေသည်မှာ ၅ နှစ်တာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် လုံခြုံရေးရဲတပ်ဖွဲ့အင်အားကိုလည်း တိုးမြှင့်ထားပြီး လုံခြုံရေး၊ နယ်မြေရှင်းလင်းဆောင်ရွက် လျက်ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။