ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၀ နီးပါးရှိလာပြီး လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၀ နီးပါးရှိလာပြီး လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်

မြန်မာနိုင်ငံတစ်ဝန်း ရေဘေးဒုက္ခအတွင်း သေဆုံးသူပေါင်းသည် ၉၉ ဦးရှိပြီး အိုးမဲ့အိမ်မဲ့ဖြစ်သူပြည်သူပေါင်းမှာ တစ်သန်းကျော်အထိရှိနေသည်။ မြေနိမ့်ဒေသ မြစ်ဝကျွန်းပေါ်တွင် ရေလွှမ်းမိုးမှုများကြောင့် ကျေးရွာများစွာ ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းခဲ့ကြရသည်။

ရေဘေးဒုက္ခအကူအညီများကို အစိုးရ၏ လုပ်ဆောင်ချက်များက မြန်ဆန်မှုမရှိကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

ရေကြီးမှုတွင် တစ်ချို့အရပ်ဒေသများတွင် အိမ်ခေါင်းမိုးများ မြုပ်သည့်အထိ ရေလွှမ်းမိုးနေခြင်းဖြစ်သည်။ အစိုးရ၏ မေတ္တာရပ်ခံချက်အရ နိုင်ငံတကာအကူအညီများ ဝင်ရောက်လာပြီဖြစ်သော်လည်း များစွာသောအကူအညီများကို လှေငယ်များဖြင့် စေတနာဝန်ထမ်းများက ခေါက်ဆွဲခြောက်ထုပ်များ၊ ဆန်များ၊ သောက်ရေသန့်တို့ကို တစ်အိမ်မှ တစ်အိမ်လိုက်လံပို့ဆောင်ပေးနေရသည်က များသည်။

မုတ်သုံမိုးများခြင်းနှင့်အတူ ဆိုင်ကလုန်းကိုမန်ဝင်ရောက်သဖြင့် ပြီးခဲ့သည့် နှစ်များအတွင်း အဆိုးဆုံး ရေကြီးမြေပြိုမှုများကို မြန်မာနိုင်ငံက ဘေးဒုက္ခကြုံတွေ့နေခြင်းဖြစ်သည်။ နိုင်ငံ၏ တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် နှစ်ခုမှာ အဆိုးဆုံးရေဘေးကြုံတွေ့နေသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်အတွင်း သေဆုံးသူပေါင်းသည် ၉၉ ဦးရှိသွားပြီး ရေဘေးဒဏ်သင့်ပြည်သူပေါင်းမှာ ကိုးသိန်းကျော်ထက်မနည်းရှိနေကာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ဘေးဒုက္ခများ၏ သုံးပုံတစ်ပုံကို ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးဖြစ်သူ ဒေါ်ဖြူလီလီထွန်းက ပြောသည်။

ရေဘေးသင့်ပြည်သူများ နေရပ်ရွှေ့ပြောင်းနေထိုင်ကြရာ တစ်ချို့သော ရေဘေးသင့်ပြည်သူများက ယာယီစခန်းများသို့ သွားရောက်ခြင်းမရှိဘဲ ကိုယ်အိမ်မှ ထွက်ခွာလိုစိတ်မရှိသဖြင့် ရေလွှမ်းနေသည့် အိမ်များတွင်းပင် ဆက်လက်နေထိုင်မှုများလည်းရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်က ကုလသမဂ္ဂက မြန်မာနိုင်ငံရေဘေးအတွက် အမေရိကန်ဒေါ်လာ ကိုးသန်း လှုဒါန်းမည်ဟု ကတိကဝတ်ပြုခဲ့သည်။ နိုင်ငံသားများနှင့် အင်န်ဂျီအိုအဖွဲ့များ၏ လှုဒါန်းမှုများက အများအပြားဖြစ်သည်။

ထိုင်းနိုင်ငံကလည်း မြန်မာရေဘေးတွင် အစောပိုင်းကတည်းက ဘတ်ငါးသန်း ကူညီလှုဒါန်းခဲ့သည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly