တာရာမင်းဝေ ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့်အထိမ်းအမှတ်ပွဲ ကျင်းပ

တာရာမင်းဝေ ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့်အထိမ်းအမှတ်ပွဲ ကျင်းပ

ရန်ကုန်၊ သြဂုတ် ၅ ။           ။ စာရေးဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့် အထိမ်းအမှတ်ပွဲကို သြဂုတ်လ ၅ရက်နေ့ နေ့လည်က ရန်ကုန်စာအုပ်ပလာဇာမှာ ကျင်းပခဲ့ပါတယ်။

ညီဖြစ်သူ ကွယ်လွန်ချိန်မှာလည်း အနားမရှိခဲ့နိုင်တဲ့အပြင် အရင်ကာလတွေမှာ အထိမ်းအမှတ်ပွဲလုပ်ဖို့ အခက်အခဲတွေ ရှိတဲ့အတွက် အခုမြန်မာပြည်ကို ပြန်ဝင်လာတဲ့အခါမှာ ဆယ်နှစ်ပြည့်အထိမ်းအမှတ်ပွဲ လုပ်ဖြစ်ခဲ့တာပါလို့ တာရာမင်းဝေရဲ့ အစ်ကိုဖြစ်တဲ့ ပွဲစီစဉ်သူ ကိုအောင်ဒင်က ပြောပါတယ်။

"ကျွန်တော်က အဲ့အချိန်မှာ ပြည်ပရောက်နေတာမို့လို့ တာရာမင်းဝေကွယ်လွန်တဲ့အချိန် သူ့အနားမှာ မရှိခဲ့ပါဘူး။ အဲ့ဒါကြောင့် အခု မြန်မာပြည်ပြန်လာလို့ ရတဲ့ အချိန်မှာ ဆယ်နှစ်ပြည့်အထိမ်းအမှတ် လုပ်ဖြစ်တာပါ။ အဓိကကတော့ လွမ်းဆွတ်တာပေါ့။ ဒါပေမဲ့ သူက မိသားစု အပိုင်မဟုတ်ပါဘူး။ နိုင်ငံရေးသမားတွေ၊ စာပေအနုပညာလောကက သူတွေနဲ့ စာဖတ်ပရိသတ်တွေပိုင်တာပါ"လို့ တာရာမင်းဝေ၏ အကိုဖြစ်သူ ကိုအောင်ဒင်က ပြောပါတယ်။

တာရာမင်းဝေ ကွယ်လွန်မှုအပေါ် ပုဂ္ဂိုလ်ရေးအရ ၀မ်းနည်းမိသလို စာပေအနုပညာလောကအတွက်ပါမက နိုင်ငံရေးမှာပါ လုပ်ဆောင်နိုင်သူကို ဆုံးရှုံးရတဲ့အပေါ် နှမြောမိတယ်လို့  ဒီပွဲမှာ အခမ်းအနားမှူးအနေနဲ့ ဆောင်ရွက်ခဲ့တဲ့ ကဗျာဆရာ သစ္စာနီက ပြောပါတယ်။

"တကယ်ကို တန်ဖိုးရှိတယ်။ သူသာ အသက်ရှိသေးတယ်ဆိုရင် အများကြီး လုပ်စရာ ရှိသေးတယ်။ နိုင်ငံရေးအရရော၊ စာပေအရပါ။အဲ့လို လူမျိုးတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အတွက် အလွန်နှမြောတသဖြစ်မိပါတယ်"လို့ ကဗျာဆရာ သစ္စာနီက ဆိုပါတယ်။
ဒီပွဲကို နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ စာပေအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ စာဖတ်ပရိသတ်များစွာ တက်ရောက်ခဲ့ပါတယ်။ပွဲတက်ရောက်ခဲ့တဲ့ ပရိသတ်များထဲက ကဗျာဆရာ လင်းသဏ်ညီ နဲ့ စာရေးဆရာ လူသာမန် ကတော့ တာရာမင်းဝေနဲ့ ပတ်သတ်တဲ့ သူတို့ရဲ့ အမြင်တွေကို အခုလို ပြောပါတယ်။

"ပြောရမယ်ဆိုရင် သူဟာ ကိုယ့်အတွက် မော်ဒန်အာရုံခံစားမှုကို ပေးခဲ့တဲ့ ဆရာတစ်ယောက်ပေါ့"လို့ ကဗျာဆရာ လင်းသဏ်ညီကပြောပါတယ်။

ဒါ့အပြင် "ဆရာက သဘောတရားတွေ အများကြီးရေးခဲ့တယ်။ အထူးသဖြင့် ပြိုင်မြင်းတို့ရဲ့ ပတ်လမ်းလို စာအုပ်မျိုးပေါ့။ အဲ့ဒါမျိုးက ကျွန်တော်တို့အတွက် တန်ဖိုးရှိတယ်လို့ ပြောလို့ရတယ်"လို့ စာရေးဆရာ လူသာမန်က ပြောပါတယ်။

ဒီပွဲမှာ တာရာမင်းဝေအတွက် အမှတ်တရစကားများ ပြောခြင်း၊ သူရေးသားခဲ့တဲ့ ကဗျာတွေနဲ့ တာရာမင်းဝေအမှတ်တရ သီကုံးထားတဲ့ ကဗျာတွေကို ရွတ်ဆိုခြင်း အပါအဝင် တာရာမင်းဝေအထိမ်းအမှတ်အဖြစ် ရေးသားထုတ်ဝေထားတဲ့ အမှတ်တရ စာအုပ်ကိုလည်း ပွဲလာသူတွေကို အခမဲ့ ဝေငှခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly