ရန်ကုန်၊ သြဂုတ် ၅ ။ ။ H1N1ရောဂါ ထိန်းချုပ်နိုင်သည့်အချိန်အထိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များကို ယာယီပိတ်ထားပေးရန် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအား တောင်းဆိုကြောင်း တက္ကသိုလ်ဆရာ၊ဆရာမများအသင်းမှ သဘောထားထုတ်ပြန်ထားသည်။
အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ ဆက်လက်ဖွင့်ထားခြင်းသည် ရောဂါကူးစက်မည်ကို စွန့်စားရာကျနေပြီး ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ဆရာမများမှာ စိုးရိမိကြောင့်ကြမှုဖြင့် နေ့စဉ်တက်ရောက်နေရသည်ဟု ထုတ်ပြန်ထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သြဂတ်၄ရက်နေ့ထုတ်ပြန်ချက်အရ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ (၃၃၆) ဦးရှိပြီး ပိုးတွေ့လူနာ (၁၃၂)ဦး ရှိနေသည်။
အဆိုပါ H1N1ပိုးတွေ့လူနာများထဲမှ သေဆုံးသူ (၁၄)ဦးရှိခဲ့ပြီဖြစ်သည်။
အဆိုပါ ကိန်းဂဏန်းအရ သေဆုံးမှုနှုန်းမှာ ရောဂါပိုးတွေ့ရှိသူ၏ (၁၀.၆)ရာခိုင်နူန်းရှိနေပြီး ၎င်းသေဆုံးမှုများတွင် ကျောင်းအုပ်ဆရာမ(၁)ဦးနှင့် မူကြိုကျောင်းသား(၁)ဦးတို့ ကူးစက်ခံရမှုတွင် ပါဝင်နေသည်။
သို့သော်ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်စာတွင် သေဆုံးနူန်းအား သံသယရှိလူနားများဖြင့် တွက်ချက်ထားကာ ၄.၅ရာခိုင်နူန်းဟု ဖော်ပြထားသည်။