နေမာအတွက် ပေးရသည့် ပြောင်းရွှေ့ကြေးမှာ မများဟု မော်ရင်ဟိုပြော

နေမာအတွက် ပေးရသည့် ပြောင်းရွှေ့ကြေးမှာ မများဟု မော်ရင်ဟိုပြော

သြဂုတ် ၃၊ အင်္ဂလန် ။           ။ ဘာစီလိုနာတိုက်စစ်မှူးနေမာအတွက် ပီအက်စ်ဂျီအသင်းပေးခဲ့ရသည့် ပြောင်းရွှေ့ကြေးပေါင် ၁၉၈ သန်းမှာ များပြားခြင်း မရှိကြောင်းနှင့် ၎င်းမှာ ပြဿနာမဟုတ်ကြောင်း မန်ယူနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။ သို့သော် နေမာ၏အပြောင်းအရွှေ့အပေါ်မူတည်၍ နောက်ထပ်ဖြစ်ပေါ်လာမည့် အပြောင်းအရွှေ့များကသာ ပြဿနာဟု မော်ရင်ဟိုက ဆိုသည်။

“အရည်အသွေးမရှိပဲနဲ့ စျေးကြီးတဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်မလာပါဘူး။ နေမာအတွက် ပေးခဲ့ရတဲ့ ပေါင်သန်း ၂၀၀ က များတယ်လို့ မထင်ပါဘူး။

ဒါပေမဲ့ အခု ဒီအပြောင်းအရွှေ့ရဲ့ နောက်ဆက်တွဲအဖြစ် ပေါင်သန်း ၁၀၀ ပေးရမယ့်ကစားသမားတွေလည်း ရှိလာပါတော့မယ်။ ပေါင်သန်း ၈၀၊ ပေါင်သန်း ၆၀ တွေ ပေးရပါတော့မယ်။ ဒါကမှ တကယ့်ပြဿနာပါ။

နေမာက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတစ်ဦးပါ။ ကြောငြာစျေးကွက်အရလည်း အလွန်ဆွဲဆောင်နိုင်သူဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပီအက်စ်ဂျီက ဒီလောက်အကုန်ခံပြီး သူ့ကို ခေါ်တာ ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ကျွန်တော့်အထင်ပြောရရင် နေမာက ပြဿနာမဟုတ်ပါဘူး။ သူ့ရဲ့ အပြောင်းအရွှေ့အကျိုးဆက်တွေကသာ ပြဿနာ ဖြစ်လာပါလိမ့်မယ်” ဟု မော်ရင်ဟိုက ဆိုသည်။

ပီအက်စ်ဂျီအသင်းသည် နေမာကို ငါးနှစ်စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး အပြောင်းအရွှေ့၏တန်ကြေးစုစုပေါင်းမှာ ပေါင်သန်း ၄၀၀ ကျော်ရှိမည် ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly