ဧရာဝတီတိုင်းအတွင်း တရားမဝင်သစ်ခိုးထုတ်မှုကိစ္စ ဥပဒေကြောင်းအရ ဆောင်ရွက်မှု အခြေအနေအား လေးမျက်နှာအမတ် မေးမြန်း

ဧရာဝတီတိုင်းအတွင်း တရားမဝင်သစ်ခိုးထုတ်မှုကိစ္စ ဥပဒေကြောင်းအရ ဆောင်ရွက်မှု အခြေအနေအား လေးမျက်နှာအမတ် မေးမြန်း

သစ်ထုတ်လုပ်မှုကို ပိတ်ပင်ထားသော်လည်း တရားမဝင်နည်းဖြင့် ခိုးထုတ်မှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ပါရှိနေကြောင်း သြဂုတ် ၂ရက်က ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင်   လေးမျက်နှာမြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးစိုးသန်းက မေးခွန်းမေးမြန်းခဲ့သည်။

"လေးမျက်နှာမြို့နယ်ရဲ့ နောက်ဘက်ခြမ်း သစ်တောကြိုးဝိုင်းနယ်မြေထဲမှာ တောနက်ထဲအထိ လမ်းမကြီးနှင့်လမ်းသွယ်တွေဖောက်ပြီး သစ်နဲ့ မီးသွေးကို ညစဉ်ထုတ်ယူလျှက်ရှိနေပါတယ်။ ဝါးတောကွင်းချောင်း၊ လဲခုံလေးချောင်း၊ လဲခုံကြီးချောင်းတွေဟာ အဓိက သစ်ထုတ်ယူတဲ့ ချောင်းတွေဖြစ်ပြီးတော့ အဲဒီချောင်းတွေက လက်ကျန်သစ်ရှိနေသေးတဲ့ တောနက်ထဲအထိ လမ်းတွေကိုဆက်သွယ်ဖောက်လုပ်ထားကြောင်း" လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဦးစိုးသန်းက သစ်ဝါးခိုးထုတ်ယူသည့်လမ်းများအား လွှတ်တော်တွင် ဆွေးနွေးပြောသည်။

နိုင်ငံအတွင်းက သစ်တောများထဲမှ သစ်ထုတ်လုပ်မှုများကို အစိုးရက ဥပဒေဖြင့် ပိတ်ပင်ထားပြီးဖြစ်သော်လည်း ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် အပါအဝင် အနောက်ရိုးမတောင်ကြောတစ်လျောက်တွင် ဥပဒေသက်ရောက်မှုမရှိဘဲ တရားမဝင် ခိုးထုတ်မှုများရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ဆိုသည်။

"သစ်ခိုးထုတ်သူ၊ မီးသွေးဖုတ်သူတွေနဲ့ သာပေါင်းစက္ကူစက်ရုံအတွက် လိုအပ်တဲ့ဝါးတွေကို အရင်းက ခုတ်ယူခဲ့တဲ့အတွက် တောင်ကတုံးတွေ တဖြည်းဖြည်းများလာနေပါတယ်။ အချိန်မီထိရောက်စွာ မထိန်းသိမ်းနိုင်ရင် နိုင်ငံပိုင်သယံဇာတတွေ ဆုံးရှံုးရမည့်အပြင် သဘာဝပတ်ဝန်းကျင်ပါ ထိခိုက်ပျက်ဆီးရမှာ။ ဒီဒေသမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သစ်တောရဲ စတဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဟာ ဥပဒေအတိုင်း မဆောင်ရွက်ဘဲ သူတို့ပါ ပါဝင်ပတ်သက် ထုတ်ယူနေတယ်ဆိုတာကို သိရပါတယ်။ ဒေသခံသစ်ထုတ်ယူနေသူတွေ အဆိုအရ သစ်လှည်း တစ်စီးကို သစ်တောဝန်ထမ်းကို ၁၅၀၀၀ ရဲကို ၁၅၀၀၀ ပေးပြီးထုတ်ယူနေပါသည်။ စရဖ တို့ကလည်း အခါအားလျော်စွာ လာရောက်တောင်းယူနေတယ်ဆိုတာကို သိရပါတယ်”ဟု ဦးစိုးသန်းက ဧရာဝတီတိုင်းလွှတ်တော်တွင် ပြောဆိုခဲ့ပြီး ယင်းကိစ္စကို ထိရောက်စွာ အရေးယူရန် ရှိမရှိ တိုင်းအစိုးရကို မေးမြန်းခဲ့သည်။

၎င်း၏ မေးခွန်းအပေါ် ဧရာဝတီတိုင်းအစိုးရအဖွဲ့ ဝန်ကြီး ဦးဘဟိန်းကပြန်လည်ဖြေဆိုရာ "ပဲရိုးမ ဆယ်နှစ်အခြားရိုးမတွေတစ်နှစ် ရပ်ဆိုင်းထားရှိထားပါတယ်။ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် တရားမဝင်သစ်ခိုးထုတ်နေမှုဖမ်းဆီးနိုင်ရေး လစဉ် စီမံချက်ရေးဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တရားမဝင်သစ်ထုတ်မှု ၂၁မှု အရေးယူဆောင်ရွက်နိုင်ခဲ့ပါတယ်။ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ တားဆီးကာကွယ်ဖမ်းဆီးဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်များအတွင်း ဖမ်းဆီးရေးစီမံချက်ရေးဆွဲဆောင်ရွက်ခြင်း၊ နယ်မြေဝန်ထမ်းများ ရှောင်တခင် လှည့်လည်ဖမ်းဆီးဆောင်ရွက်ခြင်း လိုအပ်လျင် တိုင်းခရိုင် စစ်ကြောင်းများစုဖွဲ့ပြီး ဖမ်းဆီးဆောင်ရွက်ခြင်းလျှက်ရှိပါတယ်”ဟု ဖြေဆိုခဲ့သည်။

လက်ရှိ အစိုးရလက်ထက်တွင် သစ်ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး ကန့်သတ်မှုများပြုလုပ်ခဲ့ရာ ပဲခူးရိုးမမှ ၁၀နှစ် သစ်ထုတ်လုပ်ခွင့်ပိတ်ပင်လိုက်ပြီး အခြား ရှမ်းရိုးမ၊ ရခိုင်ရိုးမများမှ တစ်နှစ် ပိတ်ပင်ထားခြင်းဖြစ်သည်။

လေးမျက်နှာမြို့နယ်၏ အနောက်ရိုးမတောင်ပေါ်ရှိ သစ်တောကြိုးဝိုင်းအကျယ်အဝန်းမှာ ဧရိယာစတုရနိးမိုင် ၁၀၀၀၀ ကျော်ရှိပြီး လေးမျက်နှာမြို့နယ် လူနေဒေသနီးပါးကျယ်ဝန်းသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly