ပခုက္ကူ ၊ ဩဂုတ် ၂ ။ ။ ပခုက္ကူတွင် H1N1 Flu နှင့်ပတ်သက်၍ လူထုကြား အသိပညာပေး လုပ်ငန်းများအား ပခုက္ကူမြို့ရှိ လူငယ်များက ဦးဆောင်ကာ ဩဂုတ်လ ၂ရက်နေ့က ပြုလုပ်ခဲ့ကြသည်။
အသိပညာပေး လုပ်ငန်းများ အနေဖြင့် မြို့တွင်းလူစည်းကာရာနေရာများဖြစ်သည့် မြို့မစျေးနှင့် လမ်းမကြီးများ တလျှောက် H1N1 Flu နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ နှင့် ဗီနိုင်းများ ဖြန့်ဝေခြင်း၊နှာခေါင်းစည်းများ ဖြန့်ဝေခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။
"ကျွန်တော်တို့ လှုပ်ရှားရတဲ့ ရည်ရွယ်ချက်က ပခုက္ကူမှာ H1N1 Flu နဲ့ပတ်သက်ပြီး လူထုကြားမှာက အသိပညာနည်းသေးတဲ့အတွက် အသိပညာရရှိစေခြင်တဲ့ ရည်ရွယ်ချက် နဲ့ ခုလို လုပ်ရခြင်း ဖြစ်ပါတယ်"ဟု ဦးဆောင်လှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်တဲ့ ကိုထွန်းအောင်လွင်က မဇ္ဈိမ သို့ပြောသည်။
အဆိုပါ လှုပ်ရှားမှုအား ဩဂုတ်လ ၂ရက်နေ့နှင့် ၃ရက်နေ့ ၂ရက်တာပြုလုပ်သွားမည်ဖြစ်ပြီး အသိပညာပေး လက်ကမ်းစာစောင် ၅သောင်းနှင့် နှာခေါင်းစည်း ၂သောင်း ဖြန့်ဝေသွားမည်ဟု သိရသည်။
"ရောဂါအခြေအနေက တအားကြီး ဆိုးဝါးတဲ့ အခြေအနေတော့ မဟုတ်ပေမယ့် လျစ်လျူရှု လို့မရဘူးဆိုတာ ပြည်သူလူထုကို သိရှိစေချင်လို့ ခုလို လုပ်ရတာဖြစ်ပါတယ် " ကိုထွန်းအောင်လွင်က ဆိုသည်။
ပခုက္ကူမြို့တွင် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ၊အရပ်ဖက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ မှ H1N1 Flu နှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ အင်တိုက်အားတိုက် လုပ်ဆောင်လျှက်ရှိပြီး လက်ရှိ အချိန်အထိ ပခုက္ကူမြို့တွင် H1N1ရောဂါတွေ့ရှိသူ မရှိသေးဟု ပခုက္ကူဆေးရုံတာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) ဖြစ်ပွားမှုမှာ ယမန်နေ့ သြဂုတ်လ ၁ ရက်တွင် အတည်ပြုလူနာ စုစုပေါင်း ရ၆ ဦး အထိ ရှိလာပြီး ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။