ကမ္ဘာသစ်တစ်ခုသို့ရောက်သွားသလို ခံစားရသည်ဟု အာဆင်နယ်တိုက်စစ်မှူးသစ် လာကာဇက်တီပြော

ကမ္ဘာသစ်တစ်ခုသို့ရောက်သွားသလို ခံစားရသည်ဟု အာဆင်နယ်တိုက်စစ်မှူးသစ် လာကာဇက်တီပြော

သြဂုတ် ၁၊ အင်္ဂလန် ။            ။ အာဆင်နယ်အသင်းတွင် ကစားနေရခြင်းသည် ကမ္ဘာသစ်တစ်ခုသို့ ရောက်သွားသလို ခံစားနေရကြောင်းနှင့် အမြန်ဆုံးအထိုင်ကျရန် လိုကြောင်း ပြင်သစ်တိုက်စစ်မှူး လာကာဇက်တီက ပြောဆိုလိုက်သည်။

လာကာဇက်တီသည် ဆီဗီလာနှင့်ကစားခဲ့သည့် အမ်းမရိတ်ဖလားပြိုင်ပွဲတွင် သူ၏အမ်းမရိတ်ကွင်းပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့သည်။ ထိုဂိုးကြောင့် အာဆင်နယ်အသင်းမှာ ဆီဗီလာထက် သွင်းဂိုးအသာရပြီး အမ်းမရိတ်ဖလားကို ရရှိခဲ့သည်။

“အာဆင်နယ်ကို ရောက်ချိန်မှာ အရာရာက ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ကမ္ဘာအသစ်တစ်ခုထဲကို ၀င်ရောက်သွားရသလိုပါပဲ။ ကစားသမားတွေရဲ့ ပုံစံအဆင့်အတန်းတွေ နည်းစနစ်ပိုင်းဆိုင်ရာဝန်ထမ်းတွေ၊ ဘောလုံးနဲ့ပတ်သက်တာတွေ အရာရာက ကွဲပြားခြားနားပါတယ်။

ဒါက ကျွန်တော်ရှာဖွေနေတဲ့အရာပါပဲ။ ဖြစ်နိုင်သမျှအမြန်ဆုံး အသင်းနဲ့အထိုင်ကျဖို့ လိုအပ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကလည်း အသင်းကောင်းတွေအများကြီးရှိနေတဲ့ တကယ်ကြီးကျယ်တဲ့ လိဂ်ပြိုင်ပွဲပါ။ ကျွန်တော့်အမြင်အရဆိုရင် ဒီမှာ အသင်းငယ်ဆိုတာတောင် မရှိပါဘူး။

အများက အားအနည်းဆုံးလို့ သတ်မှတ်ကြတဲ့အသင်းနဲ့ယှဉ်ပြိုင်ရင်တောင် မလွယ်ပါဘူး။ ပရီးမီးယားလိဂ်ဘယ်လိုပုံစံနဲ့ သွားတယ်ဆိုတာကိုသိဖို့ မစောင့်နိုင်တော့ပါဘူး’ ဟု လာကာဇက်တီက ပြောသည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက လာကာဇက်တီသည် ဂိုးသွင်းရမည့်အချိန်တွင် ဂိုးသွင်းရမည့်နေရာသို့ ချိန်သားကိုက် ရောက်ရှိနေတတ်သည့် တိုက်စစ်မှူးမျိုးဖြစ်ကြောင်း ချီးကျူးခဲ့ပြီး ထို့အတွက်ကြောင့်ပဲ ၎င်းကိုခေါ်ယူနိုင်ဖို့ ပေါင် ၅၂ သန်းပေးချေခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly