အိမ်ဖြူတော်အရာရှိချုပ်သစ် တာဝန်စတင်ထမ်းဆောင်သည့်နေ့ ပြန်ကြားရေးညွှန်မှူး ရာထူးမှ ထုတ်ပယ်ခံလိုက်ရ

အိမ်ဖြူတော်အရာရှိချုပ်သစ် တာဝန်စတင်ထမ်းဆောင်သည့်နေ့ ပြန်ကြားရေးညွှန်မှူး ရာထူးမှ ထုတ်ပယ်ခံလိုက်ရ

သြဂုတ် ၁ ။             ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အသစ်ခန့်အပ်ခဲ့သည့် အိမ်ဖြူတော်အရာရှိချုပ် ဗိုလ်ချုပ်ကြီး ဂျွန်ကယ်လီ ဇူလိုင် ၃၁ ရက်က ရာထူးတာဝန်စတင်ရယူသည့်နေ့မှာပင်   ပြန်ကြားရေးညွှန်မှူး အန်သိုနီ ဆကာရာမူချီ ရာထူးမှ ထုတ်ပယ်ခံလိုက်ရကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အိမ်ဖြူတော် ပြန်ကြားရေးညွှန်မှူးအဖြစ် ခန့်အပ်ခံထားရသည်မှာ ၁၀ ရက်မျှသာ ရှိသေးသည့် အသက် ၅၃ နှစ်အရွယ် ဆကာရာမူချီမှာ ယခုအခါ ထရမ့်၏ အိမ်ဖြူတော်အရာရှိချုပ်သစ် ခန့်အပ်လိုက်ချိန်မှာပင် တာဝန်မှ ထွက်ပေးလိုက်ရခြင်း ဖြစ်သည်။

ယခုကဲ့သို့ ရက်ပိုင်းသာ တာဝန်ယူပြီး ပြန်ကြားရေးညွှန်မှူးအဖြစ်မှ ဆကာရာမူချီ ထွက်ခွာသွားခဲ့ရသည့် အခြေအနေတွင် ထရမ့် သို့မဟုတ် ကယ်လီ မည်သူ၏ ပယောဂ ပါ၀င်ပတ်သက်နေခဲ့သည် ဆိုသည်ကို ရှင်းလင်းပြောကြားရန် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့က ငြင်းဆိုထားသည်။

သမ္မတထရမ့်က  အိုဘားမားကျန်းမာရေးစောင့်ရှောက်မှုဥပဒေ ပြန်လည်ပြင်ဆင်ရန် မအောင်မြင်ခဲ့သည့်အခြေအနေနောက်ပိုင်း ယခင် အိမ်ဖြူတော်အရာရှိချုပ် ရီးပရီဘက်စ် နေရာမှာ အသက် ၆၇ နှစ်အရွယ် ဗိုလ်ချုပ်ကြီး ဂျွန်ကယ်လီကို အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ယခု အသစ်ခန့်အပ်ခံထားရသည့် အိမ်ဖြူတော်အရာရှိချုပ်၏ တာဝန်များကတော့ အစဉ်အလာအားဖြင့် သမ္မတ၏ အစီအစဉ်များကို ခန့်ခွဲပေးရခြင်းဖြစ်ကာ အိမ်ဖြူတော် အမှုထမ်းများအားလုံးအနက် ရာထူးအကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။

ယခုလက်ရှိအချိန်တွင် ဒေါ်နယ်ထရမ့်၏ အိမ်ဖြူတော်အစိုးရအနေဖြင့် မကောင်းသတင်းများ၊ စုံစမ်းစစ်ဆေးခံနေရသည့် ကိစ္စရပ်များ၊ သတင်းပေါက်ကြားမှုများ၊ ရာထူးထုတ်ပယ်မှုများ ၊ ရာထူးမှ   နှုတ်ထွက်မှု ၊ လွှတ်တော်မဲခွဲမှု ရှုံးနိမ့်မှု နှင့် သမိုင်းတွင်လောက်သည့် လူထုထောက်ခံမှုကျဆင်းခဲ့မှု စသည့် အခြေအနေအရပ်ရပ်ဖြင့် ရင်ဆိုင်ကြံုတွေ့ထားခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags