လမ်းဘေးစွန့်ပစ် အမှိုက်များမှ ထွက်ပေါ်လာသော စာသင်ကျောင်း

လမ်းဘေးစွန့်ပစ် အမှိုက်များမှ ထွက်ပေါ်လာသော စာသင်ကျောင်း

ဖနွမ်းပင်၊ ဇူလိုင် ၃၁ ။          ။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကလေးငယ် ရာပေါင်းများစွာအတွက် ပညာရေးကို ဖြည့်ဆည်းပေးနေတာက လမ်းဘေးစွန့်ပစ်အမှိုက်များစွာကနေ အသွင်းပြောင်းယူထားတဲ့ မူလတန်းကျောင်းလေး တစ်ကျောင်းပါ။

ကမ္ဘောဒီးယားက မြို့ကြီးတွေမှာ စွန့်ပစ်အမှိုက်ပုံတွေဆိုတာ မမြင်ချင်မှ အဆုံးပါ။ မြို့တော် ဖနွမ်းပင်မှာတောင် မြို့နေတွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ အမှို်က်လိုက်သိမ်း ဝန်ဆောင်မှုကို မရကြပါဘူး။ အနီးနားက ဆင်းရဲတဲ့မြို့ တွေဆိုရင်တော့ ဒီရာခိုင်နှုန်းဟာ နှစ်ဆရှိနေမယ်လို့ စေတနာ့ဝန်ထမ်းအဖွဲ့ အာရှဖောင်ဒေးရှင်းက ဆိုပါတယ်။

လက်ရှိသမ္မတ ဟွန်ဆန် ၁၉၉၀ အစောပိုင်းမှာ အာဏာရပြီး ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို ဖွင့်လှစ်ပေးလိုက်တာကြောင့် စီးပွားရေး အရှိန်တိုးတက်ခဲ့ပါတယ်။ များများထုတ် များများသုံး မူနဲ့သွားတဲ့ စီးပွားရေးတက်ရိပ်မှာ စွန့်ပစ်ပစ္စည်းတွေ တောင်ပုံရာပုံဖြစ်လာတာကလည်း ရလဒ်တစ်ခုပါပဲ။

အာဏာပိုင်တွေနဲ့ နိုင်ငံသားများအတွက် ပြဿနာလိုဖြစ်နေတဲ့ အမှိုက်ပုံ အရှုပ်အထွေးထဲကနေ အခွင့်အလမ်းတစ်ခုကို အမှို်က်က ရွှေထွက် ဆိုရအောင်ကို စာသင်ကျောင်းလေး တစ်ကျောင်းက ဖော်ယူပြလိုက်ပါတယ်။

ဒီစာသင်ကျောင်းလေးက မဲခေါင်မြစ်မှာ ရှိတဲ့ ကျွန်းတစ်ကျွန်းက အုန်းကျောင်းလေးပါပဲ။ ဒီစာသင်ကျောင်းကို ဖနွမ်းပင်မြို့ အနှံ့က လမ်းဘေးအမှို်က်တွေ၊ ဖို့မြေအမှို်က်တွေကနေ စုကောက်ယူထားတဲ့ အမှိုက်သရိုက်တွေနဲ့ အားလုံးလိုလို တည်ဆောက်ထားတာပါ။

ကျောင်းကို စတည်ထောင်သူက ဗန်ဒီဆိုသူဖြစ်ပြီး ၂၀၁၃ မှာ စခဲ့တာပါ။ သူနဲ့ စေတနာ့ရှင်တွေဟာ ကျောင်းရဲ့ ပထမဆုံး စားပွဲ၊ ကုလားထိုင်နဲ့ ဝှိုက်ဘုတ်တွေကို အုန်းပင်ကနေ ပြုလုပ်လို့ ကျောင်းကို အုန်းကျောင်းလို့ နာမည်ပေးခဲ့တာဖြစ်ကြောင်းကို ကျောင်းအုပ်ကြီး ဆောင်းဟန်ဆင်းက အီးပီအေသတင်းဌာနကို ပြောပါတယ်။

အမှိုက်ပုံတွေဆီက ကောက်လာတဲ့ ပုလင်းတွေ၊ တာယာတွေ၊ သံဘူးခွံတွေနဲ့ ပလတ်စတစ်ခွက်တွေကို သုံးပြီးတော့ စာသင်ခန်းတွေကို ပြင်ဆင်ထားပါတယ်။

ဖနွမ်းပင်နဲ့ ကိုဒက်ကျွန်းငယ်က ကလေးငယ် ၂၈၀ နီးပါးကို သချာင်္၊ ကွန်ပြူတာသိပ္ပံ၊ ဒဿနိကနဲ့ အင်္ဂလိပ်စာတွေ သင်ပေးတာအပြင် ပြန်လည်အသုံးပြုမှုရီဆိုင်ကယ်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုပါ ဒီအုန်းကျောင်းလေးမှာ ပူးတွဲသင်ကြားပေးနေတာပဲဖြစ်ပါတယ်။

ကျောင်းက ဆရာ၊ ဆရာမအားလုံးဟာလည်း လစာမယူကြတဲ့ စေတနာ့ဝန်ထမ်းတွေပါ။ အားကစားပစ္စည်း၊ ကွန်ပြူတာပစ္စည်းတွေဆိုတာကလည်း လာရောက်လှုဒါန်းထားတာတွေဖြစ်တယ်လို့ ဆင်းက ဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly