မြောက်ကိုရီးယားအရေးက စကားဖြင့် ပြောနေရမည့် အချိန်ကုန်သွားပြီဟု အမေရိကန် ပြော

မြောက်ကိုရီးယားအရေးက စကားဖြင့် ပြောနေရမည့် အချိန်ကုန်သွားပြီဟု အမေရိကန် ပြော

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၃၁ ။              ။ မြောက်ကိုရီးယားနှင့် ပတ်သက်ပြီး စကားဖြင့် ပြောဆိုဆွေးနွေးရမည့် အချိန်က ကုန်လွန်သွားပြီးဟု အမေရိကန်က ပြောလိုက်သည်။

မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည် နောက်ဆုံးပစ်လွှတ်မှုအား တုံ့ပြန်ကာ ဗုံးကြဲလေယာဉ်များ ပျံသန်းခြင်းနှင့် ဒုံးခွင်းဒုံးစနစ် စမ်းသပ်ခြင်းများကို ထောက်ခံသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်အပေါ်လည်း ပစ်ပစ်ခါခါ ဆိုထားသည်။

"အချည်းနှီးပဲ ဖြစ်တဲ့ အရေးပေါ်လုံခြံုရေးကောင်စီ အစည်းအဝေးတွေ ခေါ်တာကနေ ဘာမှ ဖြစ်မလာဘူး။ ကောင်စီရဲ့ နောက်ထပ် အားပျော့တဲ့ဆုံးဖြတ်ချက်တစ်ရပ်ဟာ အခြေအနေကို ပိုဆိုးလာစေလိမ့်မှာပဲဖြစ်တယ်။ မြောက်ကိုရီးယားဟာ တားမြစ်ထားချက်တွေကို အကြိမ်ကြိမ် ချိုးဖောက်နေခဲ့တာ ဖြစ်တယ်။"ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟေလီက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်က တိုက်ချင်းပစ်ဒုံးကျည် အောင်မြင်စွာ စမ်းသပ်နိုင်ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်သည် အမေရိကန်၏ မည့်သည့်နေရာမဆို ပစ်ခတ်နိုင်စွမ်းပြီဟု ဖော်ထုတ်ဝင့်ကြွားခဲ့သည်။

လက်နက်ပညာရှင်များကလည်း မြောက်ကိုရီးယား၏ ဒုံးကျည်စွမ်းရည်သည် နယူးယောက်သို့ပင် ရောက်ရှိနိုင်သည်ဟု ဆိုထားရာ သမ္မတ ထရမ့်အတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေသည်။

အဆိုပါ ဒုံးကျည်စမ်းသပ်မှုအပေါ် တိုက်ရိုက်တု့ံပြန်မှုအဖြစ် ဇူလိုင် ၂၉ ရက်တွင် အမေရိကန်မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ ပျံသန်းခဲ့သလို ဇူလိုင် ၃၀ ရက်တွင်လည်း ကိုရီးယားကျွန်းဆွယ်မှာ တပ်ဆင်ချထားမည် မျှော်မှန်းထားသော ဒုံးကျည်ကြားဖြတ်စနစ်ကို အမေရိကန်စစ်တပ်က အောင်မြင်စွာ စမ်းသပ်ခဲ့သည်။

ကင်ဂျုံးအွန်၏ ခေါင်းဆောင်မှုအောက်တွင် မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားပစ်ခတ်နိုင်စွမ်းကို အရှိန်မြှင့်လုပ်ဆောင်ကာ နိုင်ငံတကာ၏ ဝေဖန်ရှုတ်လျမှုကို အာခံနေလျက် ကုလသမဂ္ဂဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း အကြိမ်ကြိမ် ချိုးဖောက်နေသည်။ ဇူလိုင် ၂၉ ရက်က အမေရိကန်ဆီးနိတ်လွှတ်တော်သည် မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တစ်ရပ်အား အတည်ပြုခဲ့သည်။

 ပြံုယမ်းအပေါ် တင်းတင်းကြပ်ကြပ် ကိုင်တွယ်ရေး တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ကိုလည်း ဟေလီက တိုက်တွန်းအရေးဆိုသည်။

"မြောက်ကိုရီးယားအပေါ် နိုင်ငံတကာဖိအားတွေ သိသိသာသာ သက်ရောက်စေမှာ မဟုတ်တဲ့ နောက်တိုးလုံခြံုရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ်ဟာ တန်ဖိုးရှိမှာလည်း မဟုတ်ဘူး။"ဟု ဇူလိုင် ၃၀ ရက်နှောင်းပိုင်း ထုတ်ပြန်ချက်၌ ဟေလီက ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly