ကစားသမားသစ်ဝယ်ယူဦးမည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးပြော

ကစားသမားသစ်ဝယ်ယူဦးမည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးပြော

ဇူလိုင် ၃၁၊ အင်္ဂလန် ။            ။ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ယခုနွေရာသီအပြောင်းအရွှေ့တွင် ငွေသုံးဦးမည်ဖြစ်ပြီး အာဆင်နယ်အသင်း၏ အပြောင်းအရွှေ့စျေးကွက် မပြီးဆုံးသေးကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် ရှော်လ်ကေးနောက်ခံလူ ကိုလာစီနက်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်လည်းကောင်း၊ လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လည်းကောင်း ခေါ်ယူထားပြီး မိုနာကိုတောင်ပံကစားသမား လီမာကို ထပ်မံခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

အာဆင်နယ်အသင်းအနေဖြင့် အပြောင်းအရွှေ့စျေးကွက်တွင် ထိပ်တန်းခြေစွမ်းရှိသည့် ကစားသမားများကို ရှာဖွေနေဆဲဖြစ်ကြောင်း ပရိသတ်များအား ၀င်းဂါးက ပြောဆိုလိုက်သည်။

“အသင်းကို တိုးတက်လာဖို့ နည်းလမ်းက နှစ်ခုပဲရှိပါတယ်။ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေကို လေ့ကျင့်ရေးပြင်းပြင်းထန်ထန်လုပ်ပြီး တိုးတက်လာအောင် ပြုလုပ်ပေးတာက ပထမနည်းပါ။ ဒုတိယနည်းကတော့ ထိပ်တန်းခြေစွမ်းအဆင့်ရှိတဲ့ ကစားသမားတွေကို ခေါ်ယူတာပါ။

လက်ရှိမှာ ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့ဆိုတာက မလွယ်ပါဘူး။ သာမန်ခြေစွမ်းကောင်းတဲ့ ကစားသမားမျိုးကိုတောင် စျေးအများကြီးပေးပြီး ခေါ်နေရပါတယ်။ အသင်းကြီးတွေက ပြိုင်တူသဘောကျနေတဲ့ ကစားသမားတွေရဲ့ စျေးဆိုရင် အလွန်မြင့်သွားပါပြီ။

အခုစျေးကွက်ထဲမှာ ကျွန်တော်တို့ တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ကိုလာစီနက်နဲ့လာကာဇက်တီတို့ကို ခေါ်ယူနိုင်ခဲ့သလို အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်။ အခွင့်အရေးတွေက အချိန်မဆိုင်းပဲ ရောက်လာနိုင်လို့ စျေးကွက်ထဲမှာ အမြဲသတိရှိနေဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ အချိန်အကြာကြီး ခေါ်လို့မရဖြစ်နေတဲ့ ကစားသမားက ချက်ချင်းခေါ်လို့ရချင်လည်း ရသွားနိုင်တာမျိုးပါ။ ဒါကြောင့် အမြဲတက်တက်ကြွကြွနဲ့ သတိရှိနေဖို့ လိုပါတယ်။ အခု ကျွန်တော်တို့ အဲ့ဒီလို လုပ်ကိုင်နေပါတယ်” ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

အာဆင်နယ်အသင်းသည် လာမည့် တနင်္ဂနွေနေ့တွင် ချယ်လ်ဆီးအသင်းနှင့် ကွန်မြူနတီဒိုင်းပြိုင်ပွဲ ကစားရတော့မည် ဖြစ်သည်။

ရည်ညွှန်း မယ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly