အကျင့်ပျက်ခြစားမှုကြောင့် ပါကစ္စတန် ဝန်ကြီးချုပ် ရာထူးမှ ဆင်းပေးရ

အကျင့်ပျက်ခြစားမှုကြောင့် ပါကစ္စတန် ဝန်ကြီးချုပ် ရာထူးမှ ဆင်းပေးရ

ကရာချိ၊ ဇူလိုင် ၂၈ ။                ။ ပနားမားစာတမ်းများဟု ဆိုကြသော အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွင် ငြိစွန်းမှုရှိ၍ အစိုးရရုံးတာဝန်နှင့် မထိုက်တန်ဟု ပါကစ္စတန် တရားရုံးချုပ်က ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ဇူလိုင် ၂၈ ရက်တွင် ဝန်ကြီးချုပ် နာဝက်ဇ်ရှာရစ်က ရာထူးမှ ဆင်းပေးလိုက်ရပြီ ဖြစ်သည်။

"တရားရုံး စီရင်ချက်အရ နာဝတ်ဇ်ရှာရစ်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတာကနေ နှုတ်ထွက်ခဲ့ပြီ ဖြစ်ပါတယ်။"ဟု ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည်။

ရှာရစ်သည် တရားရုံးစီရင်ချက်ကို နာခံလျက်ရှိသည်ဟု ဝန်ကြီးချုပ်ရုံးက ဆိုသော်လည်း စီရင်ဆုံးဖြတ်ချက်အပေါ် သံသယရှိနေပြီး တရားဥပဒေဘောင်အတွင်းက တုံ့ပြန်ရေးကို စဉ်းစားလျက်ရှိသည်ဟု ဖြည့်စွက်ထားသည်။

"ခုစီရင်ချက်ရဲ့ ဟာကွက်တွေကို စဉ်းစားသုံးသပ်ဖို့ တရားဥပဒေနဲ့ ဖွဲ့စည်းပုံဥပဒေက အခွင့်အလမ်းတွေအားလုံးကို အားထားပြုသွားမှာဖြစ်ပါတယ်။"ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။

ရှာရစ်၏ ရာထူးနုတ်ထွက်လိုက်ရခြင်းကြောင့် ကက်ဘိနက်တစ်ရပ်လုံး ဖျက်သိမ်းဖြစ်ရတော့မည်ဖြစ်ရာ လွှတ်တော်အနေဖြင့် ခေါင်းဆောင်သစ်အား ရွေးကောက်ရမည် ဖြစ်သည်။

ရှာရစ်သည် ရိုးဖြောင့်မှု မရှိခြင်း၊ ပိုင်ဆိုင်မှုအား ထုတ်ဖော်မကြေညာခြင်းများကြောင့် ရာထူးနေရာနှင့် ထိုက်တန်ခြင်း မရှိသင့်ဟု တရားရုံးချုပ် တရားသူကြီး ငါးဦးစလုံးက တစ်ညီတစ်ညွတ်တည်း စီရင်ချက်ချလိုက်သည်ဟု တရားသူကြီး အစ်ဂျက်ဇ်အဖာဇယ်က ဖတ်ကြားခဲ့သည်။

ရှာရစ်နှင့်အတူ သားသမီးများ၊ သားမက်နှင့် ဘဏ္ဍာရေးဝန်ကြီး အက်ရှာဒါးတို့အား စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ရန်လည်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး NAB ဗျူရိုအား တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့သည်။

ပနားမားမှ ဥပဒေအကျိုးဆောင်ကုမ္ပဏီ Mossack Fonseca မှ ပေါက်ကြားခဲ့သော စာရွက်စာတမ်းပေါင်း ၁၁ ဒဿမ ၅ သန်းတွင် ရှာရစ်မိသားစု၏ ပြည်ပပိုင်ဆိုင်မှုများပါ ပါဝင်နေရာမှ ၂၀၁၆ ဧပြီမှစကာ အမှုစွဲဆို ခံရခြင်းဖြစ်သည်။ ရှာရစ်၏ သားသမီးများသည် ဗြိတိသျှ ဗာဂျင်ကျွန်းတွင် ကုမ္ပဏီများ တည်ထောင်ထားပြီး လန်ဒန်တွင် ဓနဥစ္စာများအား ထိန်းသိမ်းကြပ်မတ်နေခြင်းဖြစ်ကြောင်း ပေါက်ကြားသည့် ပနားမားစာတမ်းများအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags