မရမ်းကုန်းကြက်ခြံတစ်ခုတွင် ကြက်ငှက်တုတ်ကွေးဖြစ်ပွားနေ

မရမ်းကုန်းကြက်ခြံတစ်ခုတွင် ကြက်ငှက်တုတ်ကွေးဖြစ်ပွားနေ

ရန်ကုန်၊ ဇူလိုင် ၂၉ ။          ။ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ကြက်ခြံတစ်ခု ရှိကြက်အချို့တွင် ကြက်ငှက်တုပ်ကွေး H5N1 ဖြစ်ပွားနေသည်ကိုတွေ့ရှိခဲ့ရသည်ဟု မရမ်းကုန်းမြို့နယ် ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက အတည်ပြုပြောသည်။

“ ကျန်းမာရေးဌာနက ပြန်ကြားစာပေါ့နော်။  H5N1 လို့ပြန်ကြားထားပါတယ် “ ဟု၄င်းကပြောဆိုသည်။

ယမန်နေ့ ဇူလိုင် ၂၈ ရက်နေ့၊ နေ့လည် ၁ နာရီခွဲခန့်က မရမ်းကုန်းမြို့နယ် ၆ ရပ်ကွက်၊ ဇာတိမာန်လမ်း ရှိကြက်ခြံတစ်ခြံမှ သေဆုံးနေသည့် ကြက် အချို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ကြက်ခြံမှ ကြက် ၃ ကောင်သေဆုံးခဲ့ပြီး တစ်ကောင်ကို မြုပ်နှံလိုက်ကြောင်း မရမ်းကုန်းရဲစခန်း မှသိရသည်။ 

ကျန်ရှိသည့် ကြက်နှစ်ကောင်ကို   အင်းစိန်တိရိစ္ဆာန်ကုသရေးဌာန မှ စစ်ဆေး တွေ့ရှိခဲ့ပြီး H5N1 ရှိကြောင်း ဇူလိုင် ၂၇ ရက် ညနေ ၄ နာရီခန့်တွင် ပြန်ကြားခဲ့ခြင်းဖြစ်ကြာင်း မရမ်းကုန်းမြို့နယ်၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်ကပြောသည်။

“ အဲ့အဖြေထွက်လာတဲ့အပေါ်မှာ အစ်မတို့ကို ကျန်းမာရေးဌာနက H5N1 ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးဌာနအနေနဲ့ သတင်းထုတ်ပြန်ပေးနိုင်ခြင်းမရှိသေးပါဘူးတဲ့။ ဘာကြောင့်လဲဆိုရင် ဒါသည်အရေးပေါ် စစ်ဆေးရတာဖြစ်တယ်တဲ့ ။ နောက်တစ်ခုက ဒီရောဂါမျိုးက ချက်ချင်းအခုစစ်ပြီးအခုပြန်ကြားရတဲ့ရောဂါမျိုးလည်းမဟုတ်ဘူးလေ။ သူတို့ ချက်ချင်းစစ်လာပြီး ထွက်လာတဲ့အဖြေပေါ်မှာတော့ သူတို့ ကျန်းမာရေးဌာနအနေနဲ့ သတင်းထုတ်ပြန်ဖို့ မလုပ်နိုင်သေးဘူးပေါ့နော် သူတို့ ဆက်လက်စစ်ဆေးပြီး သတင်းထုတ်ပြန်လာရင်တော့ အတည်ဖြစ်မှာပေါ့“ ဟု ဒေါ်မိုးမိုးစုကြည်ကပြောသည်။

အဆိုပါ H5N1 တွေ့့ရှိခဲ့သည့် ကြက်ခြံကို ဆေးဖျန်းခြင်းနှင့် ထုံးဖြူးခြင်းကဲ့သို့ ကာကွယ်ရေးလုပ်ဆောင်မှုများပြုလုပ်နေသည်ဟု သိရသည်။ 

သို့သော် လူများကို ကူးစက်သည်ကိုတော့ မတွေ့ရှိရသေးဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည် ပြောကြားချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly